တိုက်ပွဲတွေမှာ ထိခိုက် ကျဆုံးမှုတွေ များလာနေပြီး အင်အားချိနဲ့ လာနေတဲ့ အာဏာသိမ်း စစ်တပ်ဟာ ကြံရာမရ ဖြစ်နေတာကြောင့် စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီး လူငယ်လူရွယ်တွေကို စစ်တပ်ထဲ အတင်းသွတ်သွင်းဖို့ ကြိုးပမ်းနေတာ ဖြစ်ပါတယ်။
စစ်မှုထမ်းဥပဒေနဲ့ မြန်မာလူငယ်တွေကို စစ်တပ်ထဲ အတင်းသွင်းဖို့ စစ်ကောင်စီ ကြိုးပမ်းနေတာကို အကာအကွယ် ပေးနိုင်အောင် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့ ကြိုးပမ်းကြဖို့ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ် (Tom Andrews) က တိုက်တွန်းလိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကြောင့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာလူငယ်တွေဟာ မြန်မာနိုင်ငံအတွင်းကနေ ထွက်ခွါနိုင်ဖို့ နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းနေကြပြီး ဒီအရေအတွက်က တနေ့ထက် တနေ့ ပိုများလာနေပါတယ်။ တဖက်မှာ လူငယ်တွေကို စစ်တပ်ထဲ အတင်းသွတ်သွင်းဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီဟာ တပြိုင်တည်းမှာပဲ နေရာဒေသ အသီးသီးက အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
ဒီအခြေအနေမှာ မြန်မာပြည်သူတွေ ရင်ဆိုင်နေကြရတဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ပေးဖို့ နိုင်ငံတကာရဲ့ အကူအညီတွေကို ပိုလိုအပ်နေပြီလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တွမ် အင်ဒရူးစ်က ပြောဆိုလိုက်တာပါ။
အာဏာသိမ်း စစ်ကောင်စီကတော့ တိုင်းပြည် ဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ အကြောင်းပြချက်တွေပေးပြီး စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလဆန်းမှာ အတည်ပြုပြဋ္ဌာန်းလိုက်ပါတယ်။
လာမယ့်ဧပြီလ မြန်မာ နှစ်သစ်ကူး ရုံးပိတ်ရက်တွေ အပြီးမှာ စစ်မှုထမ်းဥပဒေကို စတင် အကောင်အထည် ဖော်သွားမှာဖြစ်ပြီး အပတ်စဉ် ၁ အဖြစ် လူငယ် ၅၀၀၀ ကို စတင် ခေါ်ယူသွားမယ်လို့ စစ်ကောင်စီက ကြေညာထားပါတယ်။
စစ်ကောင်စီက အတည်ပြုထားတဲ့ စစ်မှုထမ်းဥပဒေပါ အသက် ကန့်သတ်ချက်နဲ့ ကိုက်ညီတဲ့ မြန်မာပြည်သူ ဦးရေ ၁၃ သန်းဝန်းကျင် ရှိနေပါတယ်။ အဲဒီထဲမှာ အမျိုးသားဦးရေ ၆ သန်းနဲ့ အမျိုးသမီးဦးရေ ၇ သန်း ကျော် အသီးသီး ရှိနေတာ ဖြစ်ပေမယ့် အမျိုးသမီးတွေကိုတော့ လတ်တလော ခေါ်ဖို့ အစီအစဉ် မရှိသေးဘူးလို့ စစ်ကောင်စီက ပြောဆိုထားပါတယ်။
တစ်လလျှင် လူငယ် ၅၀၀၀ ဦးနဲ့ တစ်နှစ်ကို လူငယ် ၆၀,၀၀၀ ဦး စစ်တပ်ထဲ သွတ်သွင်းသွားမယ့် ဒီအစီအစဉ်မှာ အမျိုးသမီးတွေကိုတော့ အပတ်စဉ် ၅ မှာမှ စတင်ခေါ်ယူသွားမှာလို့ သိရပါတယ်။
စစ်မှုထမ်း ဥပဒေကို စတင်အတည်ပြုပြီး ရက်ပိုင်းအတွင်းမှာပဲ လူငယ်အများစုဟာ နိုင်ငံတွင်းကနေ နည်းလမ်းမျိုးစုံနဲ့ ထွက်ခွာကြဖို့ ကြိုးစားနေကြပါတယ်။
စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီနောက်ပိုင်း ဖေဖော်ဝါရီ ၁၄ ရက်ကနေ ၂၀ ရက်အတွင်း မြန်မာ လူငယ် ၁၃၀ ကျော်ဟာ တရားမဝင် ထိုင်းနိုင်ငံထဲ ဝင်ရောက်မှုနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ အဖမ်းခံခဲ့ရတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောဆိုကြောင်း RFA သတင်းမှာ ဖော်ပြပါတယ်။
အဖမ်းမခံရဘဲ လွတ်မြောက်သွားတဲ့ အရေအတွက်က ဒီထက် လေးငါးဆလောက်ရှိတယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးက RFA ကို ပြောပါတယ်။
စစ်မှုထမ်း ဥပဒေကြောင့် ထွက်ပြေး တိမ်းရှောင်လာကြတဲ့ မြန်မာလူငယ်တွေကို လူသားချင်း စာနာထောက်ထားပြီး ကူညီပေးဖို့ အတိုက်အခံပါတီရဲ့ လွှတ်တော်အမတ် ကနဝီဆစ်ဘ်ဆန်က ထိုင်းအစိုးရကို တိုက်တွန်းခဲ့ပါတယ်။
ထိုင်းနိုင်ငံဘက်ကို မြန်မာပြည်သူတွေ အများကြီး ထွက်ပြေး တိမ်းရှောင်လာနေကြပြီး သူတို့ဟာ အသက်ဘေးကနေ လွတ်အောင် ပြေးလာကြတာလို့ ကနဝီက ပြောပါတယ်။
“အာဏာသိမ်းစစ်တပ်က စစ်မြေပြင်မှာ အသေခံခိုင်းဖို့ လုပ်နေတာကနေ မြန်မာပြည်သူတွေက ထွက်ပြေး တိမ်းရှောင် လာကြတာပါ။ တရားမဝင် ခိုးကြောင်ခိုးဝှက် ခိုးဝင်လာကြတာ မဟုတ်ပါဘူး”လို့ သူက ဆက်ပြောပါတယ်။
ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင် (Srettha Thavisin) ကတော့ “ထိုင်းနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာတွေကို အရေးယူဖို့ လုပ်ဆောင်သွားမယ်”လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က သတိပေးထားပါတယ်။
“စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းလိုက်ပြီးနောက်ပိုင်းမှာ ပြည်ဝင်ခွင့် ဗီဇာ လျှောက်ထားလာတဲ့ မြန်မာနိုင်ငံသား အရေအတွက်က သိသိသာသာ တိုးလာနေတယ်”လို့လည်း ထိုင်းဝန်ကြီးချုပ်က ပြောဆိုထားပါတယ်။
စစ်မှုထမ်း ဥပဒေကြောင့် တော်လှန်ရေးအင်အားစုတွေဆီကို ဆက်သွယ် ဝင်ရောက်လာကြတဲ့ လူငယ်တွေလည်း အများကြီး ရှိနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။
“ပြည်သူတွေ ဒီလောက် စက်ဆုတ်ရွံရှာနေတဲ့ စစ်တပ်ထဲတော့ လုံးဝ မဝင်နိုင်ဘူး။ ဒါကြောင့် စစ်တိုက်ရမယ့် အတူတူ တော်လှန်ရေး တပ်တွေထဲပဲ ဝင်တော့မယ်”လို့ မြို့နေလူငယ်တစ်ဦးက ပြောပါတယ်။
လက်ရှိမှာ တော်လှန်ရေးအဖွဲ့ သုံးလေးဖွဲ့နဲ့ အဆက်အသွယ် ရထားပြီးပြီဖြစ်ကာ မြို့ပြကနေ တော်လှန်ရေးတပ်တွေရှိရာ လွတ်မြောက်နယ်မြေကို ထွက်ခွါဖို့ ပြင်ဆင်နေတယ်လို့လည်း သူက ဆက်ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ တစ်နိုင်ငံလုံးကို စစ်နွံထဲ ကျရောက်အောင် လုပ်ဆောင်တဲ့ လုပ်ရပ် ဖြစ်ပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြည်သူတွေ ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ ကရင် အမျိုးသား အစည်းအရုံး(KNU) ဗဟိုကလည်း ကြေညာချက် ထုတ်ပြန်ထားပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။