Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့နဲ့ တော်လှန်ရေးမှာ ပူးပေါင်းပါဝင်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဖိတ်ခေါ်

အကြမ်းဖက် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေဟာ တစ်နိုင်ငံလုံးကို စစ်နွံထဲ ကျရောက်အောင် လုပ်ဆောင်တဲ့ လုပ်ရပ် ဖြစ်ပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်စေတဲ့ လုပ်ရပ်ဖြစ်တာကြောင့် ပြည်သူတွေ ဆန့်ကျင်ကြဖို့နဲ့ စစ်အာဏာရှင် တော်လှန်ရေးမှာ ပူးပေါင်း ပါဝင်ကြဖို့ ကရင်အမျိုးသား အစည်းအရုံး(KNU) ဗဟိုက ဒီကနေ့ ဖေဖော်ဝါရီ ၁၉ မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။ 

 

ဂုဏ်သိက္ခာရှိရှိနဲ့ ဆန္ဒအလျောက် ပါဝင်သင့်တဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေလို ဥပဒေတွေကို အသက်ဝင်ကြောင်း အတည်ပြုသတ်မှတ် ထုတ်ပြန်ဖို့ အာဏာသိမ်း စစ်ကောင်စီမှာ တရားဝင်မှု မရှိဘူးလို့ KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

"ပြည်သူ့စစ်မှုထမ်းဥပဒေ"ဟာ တိုင်းပြည်ကို ပြည်ပရန် ကျူးကျော်မှုတွေကနေ ကာကွယ်ဖို့၊  သဘာဝ ဘေးအန္တရာယ်တွေနဲ့ အကြီးစား မတော်တဆ ဖြစ်ပွါးမှုတွေ စတာတွေမှာ လူသားချင်းစာနာ ထောက်ထားတဲ့ အကူအညီ ပေးအပ်မှု အပါအဝင် နိုင်ငံပြန်လည် တည်ဆောက်ရေး ကြိုးပမ်းမှုတွေကို ပံ့ပိုးကူညီဖို့အတွက် ဖြည့်ဆည်းပေးရမယ့် မှန်ကန်တဲ့ ဝန်ဆောင်မှု ဖြစ်တယ်လို့ KNU က ထောက်ပြ ဝေဖန်ထားပါတယ်။ 

 

မျိုးဆက်သစ် လူငယ်တွေနဲ့ တိုင်းရင်းသား ပြည်သူတရပ်လုံးက အာဏာသိမ်း စစ်ကောင်စီရဲ့ မတရား ထုတ်ပြန်ထားတဲ့ ဥပဒေ အကောင်အထည်ဖော်မှု လုပ်ငန်းမှာ မပါဝင်ဘဲ၊ နိုင်ငံရေး အံတုမှု လုပ်ငန်းတွေနဲ့ ဆန့်ကျင်ကြဖို့၊ တော်လှန်ရေး အဖွဲ့အစည်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့၊ အချင်းချင်း အကာအကွယ်ပေးတဲ့ လုပ်ငန်းတွေ အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်တဲ့ ဆန့်ကျင် တိုက်ဖျက်ရေး လုပ်ငန်းတွေမှာ ပူးပေါင်း လုပ်ဆောင်ကြဖို့ KNU က တိုက်တွန်း ဖော်ပြပါတယ်။

 

အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီနဲ့ အလိုပါ လုပ်ဆောင်သူတွေ အားလုံးဟာ ဒီစစ်မှုထမ်း ဥပဒေ အကောင်အထည် ဖော်ခြင်းကြောင့် ဖြစ်ပေါ်လာမယ့် နောက်ဆက်တွဲ နိုင်ငံရေး၊ လူမှုရေးနဲ့ စီးပွားရေး အကျိုးဆက်တွေကို တာဝန်ယူ တာဝန်ခံရမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

 

မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ခေတ်နဲ့လျှော်ညီတဲ့ တီထွင်ဖန်တီးနိုင်မှု စွမ်းပကားတွေကို  အသုံးချကာ တရားမဝင် စစ်ကောင်စီရဲ့ လုပ်ရပ် အားလုံးကို နည်းမျိုးစုံနဲ့ ဆန့်ကျင် တိုက်ဖျက် သွားကြဖို့ တိုက်တွန်းကြောင်းနဲ့ KNU အနေနဲ့လည်း သက်ဆိုင်ရာ ကဏ္ဍတွေကနေ တတ်စွမ်းသရွေ့ ပံ့ပိုးကူညီ ဆောင်ရွက်ပေးသွားမယ်လို့ အသိပေး ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းသွားမှသာ စစ်တပ်ရဲ့ ပြည်သူတွေအ ပေါ် နည်းမျိုးစုံနဲ့ ညှဉ်းပန်းနှိပ်စက်၊ ဖိနှိပ်အုပ်ချုပ်၊ သွေးခွဲ၊ သတ်ဖြတ်နေမှုတွေနဲ့ နိုင်ငံကို စစ်တ လင်းပြင်အဖြစ် ဖန်တီးနေမှုတွေ ချုပ်ငြိမ်းသွားမှာလို့လည်း KNU က ဆိုပါတယ်။

 

ယခင် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ နအဖ အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ ပြည်သူ့ စစ်မှုထမ်း ဥပဒေနဲ့ အရန်တပ်ဖွဲ့ ဥပဒေတွေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်နဲ့ ၁၃ ရက်တွေမှာ စတင် အာဏာသက်ဝင်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။


ဓာတ်ပုံ- KNU စစ်သားများ (ပုံဟောင်း)နှင့် KNU ထုတ်ပြန် ကြေညာချက်

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။