Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

တောင်ပြိုလက်ဝဲ၊ လက်ယာ စခန်းများအတွင်း ဘင်္ဂလီလက်နက်ကိုင် ARA နဲ့ RSO စစ်သား ရုပ်အလောင်းများ တွေ့ရှိဟု ဆို၊ လက်နက်ခဲယမ်းများကို ARA နဲ့ RSO အဖွဲ့များထံ တာကာဆယ်သန်းဖြင့် ရောင်းချထားခဲ့ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ဝင်ရောက်နိုင်ရေး စစ်ကောင်စီ စစ်သားများက ARA ထံ အကူအညီ တောင်းခံခဲ့ကြောင်း AA သတင်းထုတ်ပြန်

ဘင်္ဂလားဒေရှ့်နဲ့ ရက္ခိုင်နယ်စပ်၊ မောင်တောမြို့ မြောက်ပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တောင်ပြို (လက်ဝဲ- လက်ယာ) နယ်ခြားစောင့် ဗျူဟာစခန်း နှစ်ခုကို ရက္ခိုင့်တပ်တော် AA က ဖေဖော်ဝါရီ ၄ ရက်နေ့၊ မနက် ၅ နာရီ ၁၀ မိနစ်မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်မှာ တောင်ပြို (လက်ယာ) ဗျူဟာစခန်း တစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့ကာ ဖေဖော်ဝါရီ ၆ ရက်နေ့၊ ညနေပိုင်းမှာ တောင်ပြို (လက်ဝဲ) စခန်းကို အပြီးသတ် သိမ်းပိုက်ရယူနိုင်ခဲ့တယ်လို့ ရက္ခိုင့်တပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။


တောင်ပြို (လက်ယာ) စခန်းကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ရဲမှူးအဆင့်ရှိ အောင်စည်သူအေး (နခခ-၂) နဲ့ တောင်ပြို (လက်ဝဲ)စခန်းကို ဒု-ရဲမှူးကြီးအဆင့်ရှိ ကျော်နိုင်စိုးဆိုသူတို့က ဦးစီးခဲ့တယ်လို့ ဖော်ပြပါတယ်။


တောင်ပြို (လက်ဝဲ/လက်ယာ) ဗျူဟာ စခန်းနှစ်ခုစလုံးမှ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ နယ်ခြားစောင့် တပ်ဖွဲ့ဝင် စုစုပေါင်း အင်အား ၂၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်-ရက္ခိုင်နယ်စပ်ရှိ “နတ်မြစ်”ကို ကျော်ဖြတ်ကာ မောင်တောဖက်ခြမ်းမှ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဘက်ခြမ်းသို့ လက်နက်များဖြင့် ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။


စခန်း ရှင်းလင်းရေး လုပ်နေစဉ်အတွင်း ဘင်္ဂလီ လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေဟာ ကြိုတင်ပူးပေါင်းထားတဲ့ စစ်ကောင်စီ နယ်ခြားစောင့် တပ်ဖွဲ့ဝင်များနဲ့အတူ တောင်ပြို (လက်ဝဲ/လက်ယာ) စခန်းများအတွင်းမှ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အဆိုပါ ဗျူဟာစခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းများအပြင် ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းအချို့ကိုပါ တွေ့ရှိခဲ့ရပြီး လက်နက်ခဲယမ်း အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ AA က သတင်းထုတ်ပြန်ပါတယ်။


ထိုးစစ်ဆင်တိုက်ခိုက်မှု မပြုလုပ်ခင်ကတည်းက တောင်ပြို (လက်ဝဲ/လက်ယာ) စခန်း နှစ်ခုစလုံးမှ နယ်ခြားစောင့်တပ်မှူးတွေနဲ့ ဘင်္ဂလီ လက်နက်ကိုင် တပ်ဖွဲ့နှစ်ဖွဲ့ဖြစ်တဲ့ ARA နဲ့ RSO တပ်ဖွဲ့ဝင်တွေဟာ ကြိုတင်ညှိုနိူင်းမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ကြိုတင်ညှိနှိုင်းမှုအရ ထွက်ပြေးရန် အခြေအနေ ကြုံလာပါက အကြမ်းဖက် စစ်ကောင်စီ တပ် စခန်းတွေမှာ ရှိတဲ့ လက်နက်ခဲယမ်းတွေကို ဘင်္ဂလားဒေ့ရှ်ငွေ တာကာ (Taka) ဆယ်သန်းနဲ့ ရောင်းချ ထားခဲ့ကြောင်း၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ အတွင်းသို့ ထွက်ပြေး ဝင်ရောက်နိုင်ရေးအတွက် ARA အဖွဲ့ထံ အကူအညီ တောင်းခံခဲ့ကြောင်း ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေထံမှ သိရှိရတယ်လို့ AA က ဖော်ပြပါတယ်။


ဒါ့အပြင် စစ်ကောင်စီ နယ်ခြားစောင့်တပ်တွေနဲ့ နိုဘီဟူဆောင်း ခေါင်းဆောင်တဲ့ ARA (Arakan Rohingya Army) အဖွဲအစည်းတို့ဟာ ရင်းနှီးတဲ့ ဆက်ဆံရေးအပြင် အပေးအယူများနဲ့ နားလည်မှု ရှိရှိ နေခဲ့ကြတယ်လို့ စစ်သုံံ့ပန်းတွေက ဆက်လက် ပြောပြခဲ့တယ်လို့ သိရပါတယ်။


သိမ်းဆည်းရမိသည့် ARA တပ်စခန်းများထဲမှာ တောင်ပြို (လက်ဝဲ/လက်ယာ) ရဲမှူးတွေက တာကာငွေ ဆယ်သန်းနဲ့ ရောင်းချထားတဲ့ လက်နက်ခဲယမ်းတွေအပြင် စခန်းသိမ်း တိုက်ပွဲဆင်နွှဲနေစဉ်အတွင်း အဆိုပါ ဗျူဟာစခန်းများရှိ လက်နက်ဂိုဒေါင်များမှ လုယူသွားတဲ့ လက်နက်ခဲယမ်းတွေ၊ ပလတ်စတစ် လက်နက်တွေအပြင် WY မူးယစ်ဆေးဝါး ၆၉ ထုတ်နဲ့ ရေခဲ(အိုက်စ်)၂၈ ထုတ်တို့ကိုလည်း ARA စခန်း အတွင်းမှ သိမ်းဆည်းရမိခဲ့တယ်လို့ AA က ဆိုပါတယ်။


ARA တပ်စခန်းဟာ နတ်မြစ်ကမ်းစပ်မှာ အင်္ဂတေ၊ အုတ်တွေနဲ့ တည်ဆောက်ထားတဲ့ အခိုင်အမာ စခန်းတစ်ခု ဖြစ်ကာ စစ်ကောင်စီ တောင်ပြို (လက်ဝဲ)စခန်းနဲ့ အင်္ဂတေ လူသွားလမ်းဖြင့် ချိတ်ဆက်ထားတဲ့အပြင် ယင်းစခန်း နှစ်ခုမှာ အဖြောင့်တိုင်းပါက မီတာ တစ်ထောင်ကျော်သာ ကွာဝေးတယ်လို့ AA က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အဆိုပါ တွေ့ရှိချက်များအရ နယ်ခြားစောင့်တပ်ဖွဲ့နဲ့ ARA အဖွဲ့ကြား အပေးအယူနဲ့ နားလည်မှု မည်ရွေ့မည်မျှ ရှိနေသည်ကို ခန့်မှန်းတွက်ချက်နိုင်တယ်လို့ AA က သုံးသပ်ဖော်ပြပါတယ်။
ဒါ့ပြင် ARA စခန်းရဲ့ တစ်ဖက်ကမ်းမှာ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် BGB (Border Guard Bangladesh) တပ်စခန်း တစ်ခုရှိနေပြီး ယင်းမှတဆင့် တစ်ဖက်ကမ်းရှိ ဘင်္ဂလားဒေ့ရှ် နိုင်ငံ အတွင်းသို့ ပုံမှန် ဝင်ထွက် သွားလာနေကြတဲ့ လက္ခဏာတွေကိုလည်း ထင်ထင်ရှားရှား တွေ့ရတယ်လို့ ဆိုပါတယ်။


ရက္ခိုင့်တပ်တော် AA က စခန်းသိမ်း ထိုးစစ်ဆင်နွှဲနေစဉ် စစ်ကောင်စီ စခန်းများ အတွင်း၌ ARA တပ်ဖွဲ့ဝင်များ အတူ ရှိနေခဲ့ကြပြီး နယ်ခြားစောင့်တပ်နဲ့ ARA တပ်ဖွဲတို့ ပူးပေါင်း ခုခံနေစဉ် စခန်းတွင်းရှိ လက်နက်ခဲယမ်းများကို အချိန်တိုအတွင်း ရသမျှ သိမ်းကြုံး ယူဆောင်သွားနိုင်ခဲ့ခြင်း ဖြစ်ပြီး ARA အဖွဲ့က အဆိုပါ လက်နက်ခဲယမ်းများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှ ဝင်ရောက်၍ ကားတစ်စီးနဲ့ သယ်ယူသွားခဲ့တာလို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


ဖမ်းမိထားတဲ့ စစ်သုံ့ပန်းများကို ဆက်လက် စစ်ဆေးနေပြီး ထပ်မံ သိရှိရပါက ဆက်လက် တင်ပြပေး သွားမယ်လို့ AA က ဆိုပါတယ်။


ဘင်္ဂလား-ရက္ခိုင် နယ်စပ်ရှိ လူ့အဖွဲ့အစည်း တစ်ခုလုံး ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ လူမှု သဟဇာတ ဖြစ်ရေးတို့ကို အဓိက အထူးအလေးထား ဆောင်ရွက်နေပြီး လုံခြုံရေးဆိုင်ရာအစီအမံတွေကိုလည်း အာရက္ခ ပြည်သူ့ အစိုးရအနေနဲ့ အထူး အလေးပြု ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားပါတယ်။
~~~~

ငွေမောင်းသံမီဒီယာ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။