ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ အခြေချ စစ်ဗျူဟာဝန်း အတွင်းသို့ စက်တင်ဘာလ ၁ ရက်နေ့ နေ့လည် ၁ နာရီဝန်းကျင်မှာ ဆင်းသက်လာတဲ့ MI-17 နဲ့ MI-35 စစ်ရဟတ်ယာဉ် ၂ စီးကို KNLA ပူးပေါင်းတပ်ဖွဲ့များက ၈၁ မမ လက်နက်ကြီးတွေ အသုံးပြုပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
“ဗျူဟာဝန်းထဲ ဆင်းလာတဲ့ စစ်ရဟတ်ယာဉ် ၂ စီးကို KNLA ပူးပေါင်းတပ်တွေက ၈၁ မမ လက်နက်ကြီးတွေနဲ့ ပစ်တာဗျ။ ပစ်မှတ်ကို မထိဘူးလို့တော့ သိရတယ်။ ဒါပေမဲ့ စစ်တပ်ကတော့ တော်တော် တုန်လှုပ်သွားပုံရတယ်။ ချက်ချင်း ပြန်တက်သွားတယ်။ နောက်ပြီး လက်နက်ကြီး ပစ်တဲ့ဘက်ကို ရဟတ်ယာဉ်ပေါ်ကနေ ရမ်းပစ်သွားတယ်။ သူတို့ ပစ်တာလည်း မထိပါဘူး” လို့ ဒေသခံပြည်သူတစ်ဦးက ငွေမောင်းသံကို ပြောပါတယ်။
အလားတူ အကြမ်းဖက် စစ်တပ် တပ်စွဲထားတဲ့ ကြာအင်းဆိပ်ကြီးမြို့ ရဲစခန်းကို စက်တင်ဘာ ၁ ရက်နေ့ည ၈ နာရီဝန်းကျင်မှာ Cloud Wings ဒရုန်းအဖွဲ့က ၁၀၇ မမ ဗုံးသီး အသုံးပြုပြီး ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဆက်လက်ပြီး စက်တင်ဘာလ ၂ ရက်နေ့ မွန်းလွဲ ၃ နာရီဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားတဲ့ ကြာအင်းဆိပ်ကြီး ဇမိခန်းမကို ၁၀၇ မမဗုံးသီး အသုံးပြုပြီး ဒရုန်းနဲ့ ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က ပြောပါတယ်။
“ဇမိခန်းမကို ပြီးခဲ့တဲ့ ဩဂုတ်လ ၂၃ ရက်နေ့ ညတုန်းက တစ်ကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်။ အခု စက်တင်ဘာ ၂ ရက်နေ့ညက နောက်တစ်ကြိမ် ထပ်လုပ်တာပေါ့။ ထိခိုက်ပျက်စီးမှုတွေတော့ ရှိတယ်။ စစ်ခွေးသေဆုံးမှု၊ ဒဏ်ရာရမှု အသေးစိတ်ကတော့ စုံစမ်းနေဆဲပဲ”လို့ Cloud Wings ဒရုန်းတပ်ဖွဲ့ တာဝန်ခံ ကိုငြိမ်းက ပြောပြပါတယ်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အထက်ဖော်ပြပါ တိုက်ခိုက်မှုတွေကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) ရဲ့ ဦးဆောင်မှုနဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ဆောင်ရွက်ခဲ့တာလို့ သိရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။