Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြာအင်းဆိပ်ကြီး၊ ခလရ ၂၈၃ မှ ဒုတပ်ကြပ်တစ်ဦး KNU တပ်မဟာ ၆ ကွန်မန်ဒို တပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းများနှင့် လာရောက်ပူးပေါင်း ကရင်အမျိုးသားအစည်းအရုံး (KNU) ဒူးပလာယာခရိုင်မှ ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့ပေးအပ်ခဲ့

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ခလရ ၂၈၃ တပ်ရင်းမှ ဒုတပ်ကြပ် ရဲကိုကိုဟာ KNU တပ်မဟာ (၆)၊ ကွန်မန်ဒိုတပ်ဖွဲ့ထံသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လက်နက်ခဲယမ်းများနဲ့အတူ လာရောက် ပူးပေါင်းခဲ့တယ်လို့ သိရပါတယ်။


ပြည်သူ့ရင်ခွင် ခိုလှုံပြီး KNU/ KNLA တော်လှန်ရေး တပ်ဖွဲ့တွေနဲ့ လာရောက် ပူးပေါင်းခဲ့တဲ့ အသက် ၂၃ နှစ်အရွယ် ဒုတပ်ကြပ် ရဲကိုကိုဟာ ၎င်းနဲ့အတူ MA-4 ပူးတွဲ ၁ လက်၊ ၄၀ မမဗုံးသီး ၈ လုံး၊ ကျည်ဘောက် ၄ ခု၊ 5.56 ကျည် ၇၅ တောင့် ယူဆောင်လာခဲ့တယ်လို့ သိရပါတယ်။


အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်တွင်း ဖိနှိပ်မှုတွေအပေါ်  ဆက်လက် သည်းခံနိုင်စွမ်း မရှိတော့တဲ့အပြင် ပြည်သူလူထုအပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေတာကို မနှစ်သက်တာကြောင့် စစ်တပ်ကနေ ရုန်းထွက်ပြီး တော်လှန်ရေး အဖွဲ့တွေဆီ အခုလို လာရောက်ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံခဲ့တာလို့ ဒုတပ်ကြပ်ရဲကိုကိုက ပြောပြပါတယ်။ 


“စစ်တပ်ထဲမှာ ကြီးနိုင်ငယ်ညှဉ်း လုပ်တာတွေ ပိုပိုပြီး များလာတယ်။ ပြည်သူတွေအပေါ် မတရား ဖိနှိပ်ရက်စက်နေတာကိုလည်း မကြိုက်ဘူး။ ပြေးဖို့ အခွင့်အရေးချောင်းနေတဲ့ စစ်သားတွေလည်း အများကြီးပဲ။ ကျနော်ကတော့ အခွင့်သာတာနဲ့ တစ်ခါတည်း ထွက်လာခဲ့တာ။ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး စစ်အာဏာရှင် တော်လှန်ရေးမှာ ဝိုင်းကူညီ သွားမယ်” လို့ CDM ဒုတပ်ကြပ်ရဲကိုကိုက ပြောပါတယ်။


လက်နက်ခဲယမ်းတွေနဲ့အတူ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တဲ့ ဒုတပ်ကြပ်ရဲကိုကိုရဲ့ ဘဝရှေ့ရေးကို အထောက်အကူ ဖြစ်စေဖို့အတွက် KNU - ကရင် အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်က မြန်မာငွေ ကျပ်သိန်း ၁၅၀ တိတိကို ထောက်ပံ့ ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီကို စွန့်ခွါကာ ပြည်သူ့ရင်ခွင် ခိုလှုံလာမယ့် စစ်သားတွေကို ကရင် အမျိုးသား အစည်းအရုံး (KNU)က အမြဲတမ်း ဖိတ်ခေါ်ကြိုဆိုနေမှာ ဖြစ်ပြီး ၎င်းတို့ရဲ့ နေထိုင်စားသောက်ရေးအတွက် လိုအပ်တဲ့ ထောက်ပံ့ကူညီမှုတွေကို ဆောင်ရွက်ပေးသွားမှာ ဖြစ်သလို ၎င်းတို့ရဲ့ ဆန္ဒအလျောက် သာမန်ပြည်သူတစ်ယောက် အနေဖြင့် ဘဝသစ် စတင်နိုင်အောင်လည်း အလုပ်အကိုင် အခွင့်အလမ်းတွေ ရရှိရေး ပံ့ပိုး ကူညီပေးသွားမယ်လို့ ကရင်အမျိုးသား အစည်းအရုံး(KNU)၊  ဒူးပလာယာခရိုင်မှ တာဝန်ရှိသူက ပြောပါတယ်။ 


ဒါ့အပြင် အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို စွန့်ခွါပြီး လက်နက်ခဲယမ်းနဲ့အတူ လာရောက်ပူးပေါင်းပါက ယူဆောင်လာတဲ့ လက်နက် အမျိုးအစားပေါ် မူတည်ပြီး ကာလတန်ဖိုး သတ်မှတ်ချက်နဲ့ ညီမျှတဲ့ ငွေကြေးကိုလည်း ပေးအပ်သွားမယ်လို့ သိရပါတယ်။  


မြောက်ပိုင်းညီနောင် မဟာမိတ်တပ်ဖွဲ့တွေရဲ့ “၁၀၂၇ စစ်ဆင်ရေး” စတင်ပြီးနောက်ပိုင်း ဒေသအသီးသီးမှာ အကြမ်းဖက် စစ်တပ်ကို စွန့်ခွါပြီး တော်လှန်ရေး အင်အားစုတွေဘက်ကို ပူးပေါင်း ခိုလှုံလာတဲ့ စစ်ကောင်စီ လက်အောက်ခံ စစ်သားတွေ ပိုမို များပြားလာနေသလို စစ်မြေပြင်မှာ လက်နက်ချ အညံ့ခံတဲ့ စစ်သားတွေကိုလည်း အများအပြား မြင်တွေ့လာနေရတာ ဖြစ်ပါတယ်။


----------

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။