ကရင် အမျိုးသား အစည်းအရုံး (KNU)တပ်မဟာ-၆နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့၊ အနန်းကွင်း ကျေးရွာအနီးရှိ အကြမ်းဖက် စစ်ကောင်စီ အနန်းကွင်း ဗျူဟာကုန်းနဲ့ တောင်စွန်းကျေးရွာအနီးရှိ တောင်စွန်း စစ်စခန်းသိမ်း တိုက်ပွဲတို့ကို KNLA ရဲ့ ဦးဆောင်မှုနဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့ရာမှာ Cloud Wings ဒရုန်းတပ်ဖွဲ့လည်း အတူလက်တွဲကာ တိုက်ပွဲမှာ ပါဝင်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က ဓာတ်ပုံ မှတ်တမ်းများနဲ့တကွ သတင်းထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ဆင်ရေးကာလ ဧပြီလ ၂ ရက်နေ့မှ မေလ ၃ ရက်နေ့အထိ ၁၂၀ မမဗုံးသီး၊ ၈၁ မမဗုံးသီး၊ ၆၀ မမဗုံးသီး စတဲ့ ဗုံးသီး အလုံးပေါင်းများစွာကို အကြမ်းဖက် စစ်ကောင်စီ အနန်းကွင်း ဗျူဟာကုန်းနဲ့ တောင်စွန်း စခန်းကုန်းတွေပေါ်သို့ Cloud Wings ဒရုန်းတပ်ဖွဲ့ အပါအဝင် ဒရုန်းပူးပေါင်း တပ်များက အကြိမ်ရေပေါင်း ရာနှင့်ချီ ပျံသန်းကာ ဗုံးသီးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
တောင်စွန်း စစ်စခန်းကို မေလ ၃ ရက်နေ့ မနက်ပိုင်းမှာ အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ရာမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ Cloud Wings ဒရုန်း တပ်ဖွဲ့လည်း ပါဝင် တိုက်ခိုက် သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စစ်ဆင်ရေး လှုပ်ရှားမှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်များထံမှ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်း ရရှိခဲ့သော်လည်း တော်လှန်ရေး တပ်ဖွဲ့များဘက်မှာလည်း ဒရုန်း တချို့ ပျက်စီး ဆုံးရှုံးမှု ရှိခဲ့တယ်လို့ Cloud Wings ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
KNLA ရဲ့ဦးဆောင်မှု အောက်မှာ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေနဲ့ လက်တွဲကာ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်စခန်းတွေကို ထပ်မံ တိုက်ခိုက်သိမ်းပိုက်မယ့် နောက်လာမယ့် စစ်ဆင်ရေးတွေမှာလည်း Cloud Wings တပ်ဖွဲ့အနေနဲ့ ဆက်လက် ပျံသန်းတိုက်ပွဲဝင်ဖို့ အမြဲ ကြိုးစားဆောင်ရွက်နေမယ်လို့ ဖော်ပြထားပြီး Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ပြည်သူလူထု သိရှိစေဖို့ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။