တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ပဲဒက်စခန်းကို KNLAနဲ့ PDF ပူးပေါင်း တပ်တွေက ၄ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် ဒီကနေ့ မေလ ၈ ရက်နေ့ မနက်ပိုင်းမှာ သိမ်းပိုက် ရရှိခဲ့ပြီး စစ်သုံ့ပန်း ၂၀ ကျော် အရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
ပဲဒက်စခန်းဟာ သရက်ချောင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ အဓိက စစ်စခန်းတစ်ခု ဖြစ်ပြီး တော်လှန်ရေး ပူးပေါင်းတပ်တွေက မေလ ၅ ရက်နေ့ မနက်မှာ စတင် တိုက်ခိုက်ခဲ့ကာ အကြမ်းဖက် စစ်ကောင်စီ ဘက်က ကြည်း၊ ရေ၊ လေ မျိုးစုံသုံးကာ ခုခံကာကွယ်ခဲ့တယ်လို့ ဆိုပါတယ်။
“K8W ဂျက်ဖိုက်တာတွေ၊ Mi-2 ရဟတ်ယာဉ်တွေနဲ့ လေးရက်ဆက်တိုက် ပစ်တယ်။ ကြဲတယ်။ ရေတပ်ကလည်း သင်္ဘောပေါ်ကနေ လက်နက်ကြီးတွေနဲ့ ပစ်တယ်။ ဒီကြားထဲကနေ တော်လှန်ရေး တပ်တွေက ရအောင် သိမ်းပိုက်ခဲ့တာပါ” လို့ စစ်မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ပဲဒက် စခန်းသိမ်း တိုက်ပွဲမှာ အရှင်ဖမ်းမိတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို ကုန်တင်ကား ပေါ်တင်ပြီး ဖမ်းဆီးခေါ်ဆောင်သွားတဲ့ ရုပ်သံလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့နေတာ တွေ့ရပါတယ်။
သရက်ချောင်းမြို့နယ်၊ မြိတ်-ထားဝယ် ပြည်ထောင်စု လမ်းမကြီး ပေါ်မှာ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ ကျောက်ဆည် ပျူစခန်း၊ ပဲဒက်တပ်စခန်းနဲ့ ဝင်းဝ ရဲစခန်း ၃ ခုလုံးကို KNLAနဲ့ PDF ပူးပေါင်း တပ်တွေက မေ ၅ ရက်နေ့ မနက်ပိုင်းမှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး စခန်း ၃ ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ရုပ်သံ - ပဲဒက်စခန်းသိမ်းတိုက်ပွဲနှင့် ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။