Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြဝတီမြို့ရှိ ခလရ−၂၇၅ တပ်ရင်းကို KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များ အပြီးသတ် တိုက်ခိုက် သိမ်းပိုက် ၊ မြ၀တီမြို့ပေါ်မှာ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်းတပ်တွေ ကင်းလှည့်ပြီး လုံခြုံရေးယူပေးနေ

ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ဦးဆောင်ကာ ကရင် အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့ (KNDO)နဲ့ တော်လှန်ရေး တပ်တွေ ပူးပေါင်းပြီး မြဝတီမြို့မှာ နောက်ဆုံးကျန်ရှိနေတဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၇၅ တပ်စခန်းကို ဒီကနေ့ မနက် ၄ နာရီ ၂၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။


အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၇၅ တပ်ကို လက်နက်ချ အညံ့ခံဖို့ အခွင့်အရေး ပေးခဲ့ပေမယ့် တပ်တွင်းရှိ အကြမ်းဖက် စစ်သားတွေအနေနဲ့ လက်နက်ချ အညံ့ခံခြင်း မရှိဘဲ စစ်ကူ လာရောက်မှာကို စောင့်ဆိုင်းပြီး ခုခံ တိုက်ခိုက်နေခဲ့တယ်လို့ သိရပါတယ်။


ဒါကြောင့် KNLA ဦးဆောင်ပြီး KNDO နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းကာ ခလရ−၂၇၅ တပ်ရင်းဌာနချုပ် စခန်းကို ဧပြီလ ၈ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၁၁ ရက်နေ့ မနက် ၄ နာရီခွဲ ဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။


အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၇၅ တပ်ရင်းဌာနချုပ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ သိမ်းပိုက်ရရှိပြီးနောက် မြ၀တီမြို့ပေါ် မှာ KNLA၊ KNA၊ DKBA နဲ့ PDF ပူးပေါင်း တပ်တွေ ကင်းလှည့်ပြီး လုံခြုံရေး လုပ်ဆောင်ပေးနေကာ ၎င်းတပ်တွေထဲမှာ အမျိုးသမီး စစ်သည်တွေလည်း ပါဝင်နေတယ်လို့ ထိုင်းသတင်းဌာန The Reporters က ဖော်ပြပါတယ်။


ထိုင်းသတင်းဌာန The Reporters ရဲ့ လူမှုကွန်ရက်ပေါ်မှာ ရေးသားထုတ်ပြန်ထားတဲ့ ဒီသတင်းကို ထိုင်းနိုင်ငံသားတွေနဲ့ ထိုင်းရောက် မြန်မာနိုင်ငံသားတွေက ဝမ်းသာအားရ ကြိုဆို အားပေးတဲ့ comment တွေ အများအပြား ရေးသားခဲ့တာ တွေ့ရပါတယ်။

 


မြဝတီ-မဲဆောက် အမှတ် (၂) ချစ်ကြည်ရေး တံတားဝန်းထဲမှာတော့ ခလရ ၂၇၅ တပ်ကနေ ထွက်ပြေးလာပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို ကူးဖို့ စောင့်ဆိုင်းနေတဲ့ အကြမ်းဖက် စစ်ကောင်စီစစ်သား ၁၀၀ ဝန်းကျင် ရှိနေတာ တွေ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။


လက်ရှိအချိန်မှာ မြဝတီမြို့ရှိ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ တပ်စခန်း အားလုံးကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်တာကြောင့် ကျန်ရှိနေတဲ့ စစ်ကောင်စီ အကြွင်းအကျန်တွေကို ဆက်လက် ရှင်းလင်းသွားမှာ ဖြစ်ပြီး ပြည်သူလူထုတွေအနေနဲ့ ထိတ်လန့်ကြောက်ရွံ့ခြင်း မရှိဘဲ ပူးပေါင်း လုပ်ဆောင်ကြဖို့ကိုလည်း KNU က အသိပေးထားပါတယ်။

ဓာတ်ပုံ - ခလရ−၂၇၅ ထံမှ သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။(source- KNU)

~~~~

သက်ပိုင်ဦး

 


About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။