Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရက္ခိုင်ဒေသတွင်းရှိ စကခ တပ်မ ဌာနချုပ် ၃ ခု အနက် ၂ ခုနဲ့ လက်အောက်ခံ တပ်ရင်း၊ တပ်မ များစွာကို အာရက္ခ တပ်တော် AA သိမ်းပိုက်ထားပြီး ဖြစ်၊ ရက္ခိုင်ဒေသ အတွင်း စစ်ကောင်စီ စခန်းများကို ဆက်လက် ထိုးစစ်ဆင် တိုက်နေတယ်လို့ AA ထုတ်ပြန်

ရက္ခိုင်ဒေသအတွင်းရှိ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှု တပ်မ ဌာနချုပ် (စကခ)တွေ ဖြစ်တဲ့ စကခ (၅) တောင်ကုတ်၊ စကခ (၉) ကျောက်တော်နဲ့ စကခ (၁၅) ဘူးသီးတောင်တို့အနက် ခြောက်လတာ စစ်ဆင်ရေး ကာလအတွင်း စကခ (၉) ကျောက်တော်နဲ့ စကခ (၁၅) ဘူးသီးတောင်တို့ အပါအဝင် လက်အောက်ခံ တပ်ရင်း အများအပြားကို အပြီးသတ် သိမ်းပိုက်ထားနိုင်ခဲ့ပြီလို့ အာရက္ခတပ်တော်၊ သတင်းနှင့် ပြန်ကြားရေးက ဒီကနေ့ မေလ ၄ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

စကခ၉_ကျောက်တော်
အဆိုပါ စကခ ဌာနချုပ် သုံးခုထဲမှ စကခ (၉) ကျောက်တော်ရဲ့ လက်အောက်ခံ တပ်ရင်းတွေ အားလုံးကို  အာရက္ခ တပ်တော် AA က မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ကတည်းက တစ်ခုမကျန် အပြီးသတ် သိမ်းပိုက် ရယူထားပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 

စကခ၁၅_ဘူးသီးတောင် 
ဘူးသီးတောင်မြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီ စကခ (၁၅) တပ်မ ဌာနချုပ်ကို အာရက္ခတပ်တော်မှ  ကာလအတန်ကြာ ဝိုင်းရံပိတ်ဆို့ထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဧပြီလ နောက်ဆုံးအပတ်မှာ ထိုးစစ် အရှိန်မြှင့်ခဲ့ကာ ၁၂ ရက်ကြာ အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး အခုလို သိမ်းပိုက် ရယူနိုင်ခဲ့တာလို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ စကခ (၁၅) ဘူးသီးတောင် လက်အောက်ရှိ ခမရ (၅၅၂) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ မတ်လ (၂၅) ရက်နေ့၊ ခမရ (၅၆၄) တပ်ရင်းကို ဧပြီလ (၅) ရက်နေ့၊ ခမရ (၅၆၅) တပ်ရင်းကို ဧပြီလ (၂၄) ရက်နေ့၊ စကခ (၁၅) ဘူးသီးတောင် တပ်မ ဌာနချုပ်ကို မေလ (၂) ရက်နေ့နဲ့ ခမရ (၅၅၁) တပ်ရင်းကို မေလ (၃) ရက်နေ့တွေမှာ အာရက္ခ တပ်တော် AAက အပြီးသတ် သိမ်းပိုက် ရယူထားနိုင်ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

"စကခ (၁၅) ဘူးသီးတောင်"လက်အောက်ရှိ ခမရ (၃၄၅)၊ ခမရ (၃၅၂)၊ ခမရ (၃၅၃)၊ ခမရ (၅၃၅) တပ်ရင်းတွေနဲ့  "ဘူးသီးတောင် ဗျူဟာ"လက်အောက်ခံ ခလရ (၂၃၃)၊ ခလရ (၂၃၄)၊ ခလရ (၂၆၃) နဲ့ အမတ (၃၇၈) တပ်ရင်းတွေကို အာရက္ခ တပ်တော် AA က တစ်ခုပြီး တစ်ခု ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ 

အဆိုပါ စစ်စခန်းတွေကို သိမ်းပိုက်ပြီးချိန်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းတွေကို သိမ်းဆည်း ရမိခဲ့ပြီး လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီး ရမိထားတယ်လို့ သိရပါတယ်။

 

ခမရ (၅၅၁) နဲ့ စကခ (၁၅) တပ်မ ဌာနချုပ်မှ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို လိုက်လံ ရှင်းလင်း တိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေခဲ့တယ်လို့ သိရပါတယ်။

 

စခန်းစွန့်ခွာ ထွက်ပြေး လွတ်မြောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေဟာ ဘူးသီးတောင်မြို့နယ်၊ တန်းရှောက်ခံရွာ အတွင်းကနေ ခုခံကာကွယ်မှု ရှိခဲ့ပေမယ့် အာရက္ခတပ်တော် AA က ချေမှုန်း တိုက်ခိုက်နိုင်ခဲ့ပြီး အကြမ်းဖက် စစ်သား ထိခိုက်၊ သေဆုံးမှု များပြားခဲ့တယ်လို့ ဖော်ပြပါတယ်။

 

ဘူးသီးတောင်-မောင်တော ကားလမ်းတစ်လျှောက်ရှိ အကြမ်းဖက် စစ်ကောင်စီ တာဝါတိုင် စခန်းကုန်း၊ (၆) မိုင်စခန်းကုန်းတို့အပြင် နခခ-၁ (ကျီးကန်းပြင်)နဲ့ နခခ-၁၀ (လှဖိုးခေါင်) စခန်းတွေကိုလည်း တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ပြီလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

ဆက်လက်ထိုးစစ်ဆင် 
ဒါ့အပြင် မောင်တော၊ အမ်း၊ ကျောက်ဖြူနဲ့ သံတွဲမြို့တွေမှာလည်း အကြမ်းဖက် စစ်ကောင်စီ တပ်တွေနဲ့ အာရက္ခ တပ်တော်တို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွါးနေပြီး အမ်းမြို့နယ် အတွင်းရှိ တောဟိန်းတောင် ဗျူဟာစခန်းကို ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စပြီး ရက္ခိုင်ဒေသအတွင်းမှာ ဖက်ဆစ် အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို အာရက္ခ တပ်တော် ( Arakan Army) က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာ ခြောက်လနီးပါး ရှိပြီ ဖြစ်ပြီး သိမ်းပိုက် ရယူဖို့ ကျန်ရှိနေသေးတဲ့ လက်ကျန် စခန်းတွေကိုလည်း တစ်ပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့  အာရက္ခတပ်တော်၊ သတင်းနှင့် ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

 

အဆိုပါ ခြောက်လနီးပါး ကာလအတွင်း လက်နက်မချသေးတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့တပ်ရင်း၊ တပ်မ၊ စကခ ဌာနချုပ်နဲ့ နပခ ဌာနချုပ်တွေကို AA အနေနဲ့ တစ်ရက်မှ မရပ်နားဘဲ ဒီကနေ့ အချိန်အထိ ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

မှတ်တမ်းတင်ဂုဏ်ပြု
အဆိုပါ ထိုးစစ်နဲ့ စခန်းသိမ်း တိုက်ပွဲတွေအတွင်း အသက်နဲ့ ကိုယ်လက်အင်္ဂါတို့ကို ပေးဆပ် စွန့်လွှတ်ခဲ့ရတဲ့ အာရက္ခ စစ်သည်တော်တွေကို လေးလေးနက်နက် မှတ်တမ်းတင်ထားတဲ့ အပြင် ထိုးစစ်တိုက်ပွဲတွေမှာ သတ္တိပြောင်မြောက်စွာ တိုက်ပွဲဝင်ခဲ့ကြတဲ့ အာရက္ခ စစ်သည်တော်တွေ၊ ကြီးကြပ် ကွပ်ကဲနိုင်ကြတဲ့ အဆင့်ဆင့်သော အာရက္ခ စစ်သည်တော်တွေကိုလည်း လေးလေးနက်နက် မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ ဖော်ပြပါတယ်။

ဓာတ်ပုံ - သိမ်းပိုက်ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများ (source: အာရက္ခတပ်တော်၊ သတင်းနှင့် ပြန်ကြားရေး)

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။