အကြမ်းဖက် စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်(နပခ) တည်ရှိရာ အမ်းမြို့နယ်ရှိ စကခ-၅ လက်အောက်ခံ အင်အား ၆၀၀ ဝန်းကျင်ရှိတဲ့ တောဟိန်းတောင် ဗျူဟာကုန်းစခန်းကို ရက္ခိုင့်တပ်တော် (AA) က တစ်လနီးပါး အချိန်ယူကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၅ ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ တောဟိန်းတောင် ဗျူဟာစခန်းရှိရာ အမ်းမြို့ကို ရက္ခိုင့်တပ်တော် AA က အဝင်အထွက် လမ်းကြောင်းများ ပိတ်ဆို့ကာ ဧပြီလ ပထမပတ်မှာ စတင် တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီက လူအင်အားနဲ့ ရိက္ခာခဲယမ်း စတာတွေကို လေကြောင်းအသုံးပြုပြီး ထောက်ပို့ခဲ့ရကာ လက်နက်ကြီးနဲ့ လေကြောင်း ပစ်ကူကို အဆက်မပြတ် သုံးခဲ့ရပါတယ်။
လက်ရှိအချိန်မှာ တောဟိန်းတောင် ဗျူဟာစခန်းကို ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိခဲ့တာကြောင့် လက်နက်မချဘဲ စခန်းစွန့်ခွါ ထွက်ပြေးခဲ့ကြတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေဟာ တောဟိန်းတောင် တောင်ခြေအနီးရှိ စွေ့ချောင်း၊ ကဇုကိုင်း၊ အုန်းတည်ချောင်း၊ ဆင်ဥဦးတိုက်နဲ့ အုန်းတည်ချောင်းကျေးရွာတွေထဲကို ကစဉ့်ကလျား ဝင်ရောက် ထွက်ပြေးကာ ပုန်းအောင်း နေကြတယ်လို့ သိရပါတယ်။
လက်နက်မချဘဲ စခန်းစွန့်ခွါ ထွက်ပြေးနေကြတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို ရက္ခိုင့်တပ်တော် AA က လိုက်လံတိုက်ခိုက် ရှင်းလင်းနေပြီး လက်ရှိအချိန်အထိ ထိတွေ့တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
တောဟိန်းတောင် ဗျူဟာစခန်းဟာ အကြမ်းဖက် စစ်ကောင်စီ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နယ်အတွင်းမှာ အရေးပါတဲ့ ဗျူဟာစခန်းတစ်ခု ဖြစ်ပြီး အင်အား ၆၀၀ ကျော် ရှိတဲ့ ဗျူဟာကုန်းစခန်း တစ်ခု ဖြစ်ပါတယ်။
ဓာတ်ပုံ - ရက္ခိုင့်တပ်တော်ရဲ့ AA စစ်သည်များနဲ့ တောဟိန်းတောင်ဗျူဟာစခန်း
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။