မြဝတီဒေသ ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် တည်ငြိမ်အေးချမ်းရေးနဲ့ လူထုဘေးကင်း လုံခြုံရေးအတွက် ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုဌာနချုပ်က ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
KNU ဦးဆောင်တဲ့ KNLA, KNDO နဲ့ PDF တပ်တွေ ပါဝင်တဲ့ တော်လှန်ရေး တပ်ဖွဲ့တွေက ဧပြီ ၅ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာစခန်း၊ ဧပြီ ၁၁ ရက်နေ့မှာ မြဝတီ အခြေစိုက် ခလရ ၂၇၅ တပ်ရင်းတို့ကို ဝင်ရောက် သိမ်းပိုက်ရှင်းလင်းခဲ့ပြီး ခလရ ၂၇၅ မှ စစ်ကောင်စီ စစ်သားတချို့ဟာ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ တဝိုက်မှာ တပ်စွဲခိုလှုံနေတယ်လို့ ဆိုပါတယ်။
မြဝတီကို စေလွှတ်လိုက်တဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကူစစ်ကြောင်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် ပိတ်ဆို့၊ ဖြတ်တောက်၊ ဟန့်တားနေပြီး မြဝတီဒေသ လုံခြုံစိတ်ချရတဲ့ အနေအထားတစ်ခု ရောက်ဖို့ ဆက်လက် လုပ်ဆောင်ရမယ့်ကိစ္စတွေ ရှိနေတာကြောင့် ပြည်သူတွေ အနေနဲ့ လုံခြုံရေး သတိနဲ့ သွားလာနေထိုင်ကြဖို့ကိုလည်း KNU က တိုက်တွန်းထားပါတယ်။
မြဝတီဒေသ လုံခြုံစိတ်ချရတဲ့ အနေအထား ရောက်ပါက ဒေသခံပြည်သူတွေနဲ့ ပူးပေါင်းပြီး အုပ်ချုပ်ရေး လုပ်ငန်းများ ချမှတ်ခြင်း၊ လူကုန်ကူးမှု၊ တရားမဝင် စီးပွါးရေး လုပ်ငန်းများ၊ တားမြစ်ပစ္စည်း ကုန်သွယ်မှုများ ပိတ်ပင်တားဆီးရေးနဲ့ မြို့တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းများဖော်ဆောင်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေနဲ့ ကုန်စည်စီးဆင်းရေး လုပ်ငန်းတွေကို စိန်ခေါ်မှုတွေ ကြားမှ ဖြစ်နိုင်တဲ့ အနေအထားနဲ့ အကောင်အထည် ဖော်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဆိုပါ လုပ်ငန်းများနှင့်ပတ်သက်၍ KNU ရဲ့ သဘောထားရပ်တည်ချက် ၄ ချက်ကို အခုလို ထုတ်ပြန်ထားပါတယ်။
KNU အနေနဲ့ ထိုင်း-ကော်သူးလေး နယ်စပ်မျဉ်း နှစ်ဖက်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ဘေးကင်းလုံခြုံရေး၊ နယ်စပ်တည်ငြိမ်ရေးနဲ့ လူသားချင်း စာနာ ထောက်ထားတဲ့ အကူအညီတွေ ရရှိရေးဆိုင်ရာ ကဏ္ဌတွေကို အထူးအလေးထားကာ အတတ်နိုင်ဆုံး ကြိုးပမ်းလုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။
နယ်စပ်ဖြတ်ကျော်မှု လုံခြုံတည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို ဆောင်ရွက်ရာမှာ ဒေသတွင်း အကောင်းမွန်ဆုံး လုပ်ထုံးလုပ်နည်းတွေနဲ့လျော်ညီတဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းများ (rules-based)နဲ့အညီ နယ်စပ်ဖြတ်ကျော်မှုဆိုင်ရာ ကဏ္ဌအသီးသီး(Cross-Border Activities) အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ၊ စီစဉ်မှုတွေ ပြုလုပ်နေတယ်လို့လည်း ဖော်ပြပါတယ်။
နယ်စပ်အခြေစိုက် ကရင်အဖွဲ့အစည်းတွေ အပါအဝင် နယ်စပ်မျဉ်း နှစ်ဖက်မှာ နေထိုင်တဲ့ ပြည်သူတွေရဲ့ ငြိမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ထိုင်းအစိုးရနဲ့ နယ်စပ် ကရင်အဖွဲ့အစည်းတွေ အပါအဝင် ပြည်တွင်းပြည်ပက မဟာမိတ် အဖွဲ့တွေ၊ သက်ဆိုင်သူတွေ အားလုံးနဲ့ ချိတ်ဆက်ကာ အနှစ်သာရ ရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။
စစ်အာဏာရှင်စနစ် အပါအဝင် မည်သည့် အာဏာရှင်စနစ်ကို မဆို ဖယ်ရှား၍ စုံလင်ကွဲပြားမှုများကို အလေးထားကာ အားလုံးပါဝင်နိုင်ပြီးအရပ်သား ဦးဆောင်တဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံသစ် ထူထောင်ရေးအတွက် အသက်သွေးချွေး ရင်းနှီးပေးဆပ်ခဲ့တဲ့ တော်လှန်ရေး ရဲဘော် အားလုံးကို လေးစားဂုဏ်ပြုမှတ်တမ်းတင် အပ်တယ်လို့လည်း ဖော်ပြပါတယ်။
KNU အနေနဲ့ တိုင်ရင်းသား တော်လှန်ရေးအဖွဲ့တွေ၊ ဒီမိုကရေစီ မဟာမိတ်တွေနဲ့ အတူ ဆက်လက် တိုက်ပွဲဝင်နေမည်ဖြစ်ပြီး ကော်သူးလေးပြည်သူတွေနဲ့ မြန်မာပြည်သူ တစ်ရပ်လုံးကိုလည်း တော်လှန်ရေးမှာ မဆုတ်မနစ် ဆက်လက် ပါဝင်တိုက်ပွဲဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။