Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

လက်နက်ချ စစ်သားတွေကို မဲဆောက်မှတဆင့် လေကြောင်းနဲ့ ပြန်ခေါ်မယ့် အစီအစဉ် စစ်ကောင်စီ ရပ်ဆိုင်းထားဟု ထိုင်းအစိုးရ ပြော

မြဝတီမြို့မှာ ရှိတဲ့ အကြမ်းဖက် စစ်​ကောင်စီ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို မဲဆောက်ကနေတဆင့် လေကြောင်းနဲ့ ပြန်လည် ခေါ်ဆောင်ဖို့ သဘောတူထားတဲ့ အစီအစဉ်ကို အကြမ်းဖက် စစ်ကောင်စီက အကြောင်းပြချက် မပေးဘဲ ရပ်ဆိုင်းထားတယ်လို့ ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာ ပြောခွင့်ရ သာနာဝပ် ဆီရီကူလ်က ပြောဆိုတယ်လို့ ထိုင်းသတင်းဌာန Khaosod English က ဖော်ပြပါတယ်။

 

မြဝတီမြို့က အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို မဲဆောက်ကနေ လေကြောင်း ခရီးစဉ် ၃ ခေါက် ပြေးဆွဲကာ မြန်မာနိုင်ငံကို ပြန်လည် ခေါ်ယူမယ်လို့ ကနဦးမှာ သ​ဘောတူ ထားခဲ့​ပေမယ့် မနေ့က ညပိုင်းက လေကြောင်းတစ်ခေါက် ပြေးဆွဲသယ်ဆောင်ပြီးချိန်မှာ အကြောင်းပြချက် တစ်စုံတစ်ရာ မပေးဘဲ အကြမ်းဖက်  စစ်ကောင်စီဘက်က ရပ်ဆိုင်းထားလိုက်တာ ဖြစ်တယ်လို့ သိရပါတယ် ။

 

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ကနေ ထွက်ပြေးလာတဲ့ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို မြန်မာနိုင်ငံဆီ ပြန်လည် ခေါ်ဆောင်ဖို့အတွက် အကြမ်းဖက် စစ်ကောင်စီက MNA လေယာဉ်တွေကို မဲဆောက်မြို့ လေယာဉ်ကွင်းမှာ ၇၂ နာရီအတွင်း ၃ ခေါက် ဆင်းသက်ပျံသန်း ခွင့်ပြုဖို့ မေတ္တာ ရပ်ခံခဲ့တာကြောင့် ထိုင်းအစိုးရက ခွင့်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ 

 

လူသားချင်း စာနာထောက်ထားမှု ခေါင်းစဉ်အောက်ကနေ ထိုင်းအစိုးရရဲ့ ခွင့်ပြုချက်နဲ့ လေကြောင်း ခရီးစဉ် ၃ ကြိမ် ပျံသန်းဖို့ အစီအစဉ်မှာ ပထမအကြိမ်အဖြစ် မနေ့က ဧပြီ ၇ ရက်နေ့ ညပိုင်းမှာ ၈ နာရီ ၄၀ မှာ မဲဆောက် လေယာဉ်ကွင်းကို ATR 72-600 မြန်မာလေယာဉ်တစ်စင်း ဆင်းသက်ခဲ့ပြီး ၁၀ နာရီမှာပြန်လည် ထွက်ခွါသွားခဲ့တယ်လို့ ထိုင်းသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

 

အဆိုပါ လေယာဉ်ခရီးစဉ်မှာ မြဝတီမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ အရပ်သားဝန်ထမ်း ၂၀ ကျော်နဲ့ ဘဏ်အပ်​ငွေ​​တွေကို သယ်ဆောင်သွားတယ်လို့ သတင်းတွေမှာ တွေ့ရပါတယ်။

 

ပြီးခဲ့တဲ့ ရက်ပိုင်းက မြဝတီမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ရင်းတွေကနေ စစ်သားနဲ့ တပ်မိသားစုဝင် ၆၁၇ ဦး KNLA ဦးဆောင်တဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေဆီမှာ လက်နက်ချအညံ့ခံခဲ့ပြီးနောက် အဆိုပါ စစ်သားတွေ၊ တပ်မိသားစုတွေနဲ့ လက်နက်ခဲယမ်းတွေကို ထိုင်းနိုင်ငံ မဲဆောက်မြို့ကနေတဆင့် လေကြောင်းနဲ့ ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် အကြမ်းဖက် စစ်ကောင်စီက ညှိနှိုင်းစီစဉ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

 

ဒီကနေ့မှာတော့ လက်နက်ချ အညံ့ခံလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေနဲ့ တပ်မိသားစုဝင်တွေကို ၎င်းတို့ သဘော ဆန္ဒမပါဘဲ အတင်းအကျပ် ပြန်လည် ပို့ဆောင်မှာ မဟုတ်ဘူးလို့ KNU ပြောခွင့်ရ ပုဂ္ဂိုလ် ပဒို စောကလယ်စေးက ပြောဆိုထားတာ တွေ့ရပါတယ်။

~~~~~

သက်ပိုင်ဦး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။