ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းပြီး အကြမ်းဖက် စစ်ကောင်စီ သင်္ဃန်းညီနောင် အခြေချ စစ်ဗျူဟာ စခန်းကို မနေ့က ဧပြီလ ၅ ရက်နေ့ မနက် ၈ နာရီဝန်းကျင်မှာ စတင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီဝန်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ ကရင် အမျိုးသား အစည်းအရုံး (KNU) က ဒီကနေ့ သတင်း ထုတ်ပြန်ပါတယ်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာ အခြေချ စခန်းဟာ ၁၉၆၈ ခုနှစ် ကတည်းက စတင် အခြေချခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ ဗျူဟာစခန်းတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။
သိမ်းပိုက်ရရှိခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ (သင်္ဃန်းညီနောင်) စစ်ဗျူဟာ အခြေချ စခန်းမှ အရာရှိ အဆင့် ၆၇ ဦး၊ အခြားအဆင့် ၄၁၀ ဦး စုစုပေါင်း ၄၇၇ ဦး လက်နက်ချ အညံ့ခံခဲ့ပြီး ရဲမေ ၅၉ ဦးနဲ့ တပ်မိသားစုဝင် ၈၁ ဦး စုစုပေါင်း ၁၄၀ ဦး လက်နက်ချ အလင်းဝင်ခဲ့တာကြောင့် လက်နက်ချ အလင်းဝင်ခဲ့သူ စုစုပေါင်း ၆၁၇ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒါ့အပြင် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ခဲယမ်းမီးကျောက် အမြောက်အများကိုလည်း သိမ်းပိုက် ရရှိခဲ့တယ်လည်း သိရပါတယ်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ (သင်္ဃန်းညီနောင်) စစ်ဗျူဟာ အခြေချ စခန်းရှိတာကြောင့် နယ်မြေတွင်း နေထိုင်ကြတဲ့ ကရင်လူမျိုးနဲ့ အခြားလူမျိုးတွေရဲ့ စီးပွားရေး၊ ပညာရေး၊ လူမှုရေးတွေကို ထိခိုက် ကျဆင်းစေခဲ့တဲ့အပြင် ရိုးရာယဉ်ကျေးမှုတွေလည်း ပျက်စီးပျောက်ကွယ် စေခဲ့တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အကြောက်တရားနဲ့ နေထိုင်နေရတဲ့ လူသားတွေရဲ့ ဘဝလုံခြုံမှု ကင်းမဲ့ရခြင်းကို ဖြစ်ပေါ်စေခဲ့တယ်လို့လည်း ကရင်အမျိုးသား အစည်းအရုံးက ဖော်ပြပါတယ်။
ဓာတ်ပုံ - အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီ သင်္ဃန်းညီနောင် စစ်ဗျူဟာထံမှ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းများနဲ့ အညံ့ခံခဲ့တဲ့ စစ်သားများ၊ တပ်မိသားစုဝင်များ။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။