ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့ပေါ်ရှိ လူနေရပ်ကွက်များပေါ်ကို အကြမ်းဖက် စစ်ကောင်စီက မီးလောင်ဗုံးတွေ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့နေအိမ်အချို့ မီးလောင်ပြာကျ ခဲ့တယ်လို့ KNDF သတင်းနဲ့ ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။
လွိုင်ကော်မြို့ပေါ်ရှိ ရွှေ တောင်၊ မင်္ဂလာ၊ ပိုးဇာခြံ စတဲ့ ရပ်ကွက်တွေထဲရှိ နေရာ ၅ နေရာကို တိုက်ပွဲဖြစ်ပွါးခြင်း မရှိဘဲ အကြမ်းဖက် စစ်ကောင်စီ တပ်က ဒရုန်းများ အသုံးပြုပြီးမီးလောင်ဗုံးများ လိုက်လံကြဲချ တိုက်ခိုက်ခဲ့တာကြောင့် အများပြည်သူ နေအိမ်တချို့ မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ လွိုင်ကော်မြို့ပေါ်ရှိ နေရာအသီးသီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေရော၊ ကရင်နီ တော်လှန်ရေး တပ်ဖွဲ့တွေပါ တပ်စွဲ နေရာယူထားကြပြီး အချိန်မရွေးတိုက်ပွဲဖြစ်ပွါးနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။
တိုက်ပွဲ ဖြစ်ပွါးမှု မရှိသေးပေမယ့် အကြမ်းဖက် စစ်ကောင်စီတပ်ဘက်ကတော့ လူနေ ရပ်ကွက်တွေထဲကို လက်နက်ကြီး ပစ်ခတ်တာတွေ၊ ဒရုန်းအသုံးပြု ဗုံးကြဲချတာတွေနဲ့ တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ နေ့စဉ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
လွိုင်ကော်မြို့နေ မိဘပြည်သူတွေအနေနဲ့ နေအိမ်တွေမှာ ပြန်လည်နေထိုင်တာ၊ ပစ္စည်းများ ပြန်လည် သယ်ယူတာတွေကို တတ်နိုင်သမျှ မပြုလုပ်ကြပါဖို့၊ လုံခြုံရေးကို ဦးစားပေးကာ စစ်ရေး သတိရှိကြဖို့နဲ့ တော်လှန်ရေး တပ်ဖွဲ့တွေဆီကနေ မှန်ကန်တဲ့ သတင်းအချက်လက်တွေ ရယူကြဖို့ KNDF ဗဟို သတင်းနဲ့ ပြန်ကြားရေးဌာနက မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။