မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်၊ ၁၂ လမ်းရှိ နိုင်ငံကူး လက်မှတ်ထုတ်ရုံး (ပတ်စ်ပို့ရုံး) မှာ ဒီကနေ့ မနက် ၂ နာရီခွဲ ဝန်းကျင်မှာ လူသောင်းနဲ့ချီပြီး ပတ်စ်ပို့ တန်းစီနေစဉ် လူအုပ်ပိပြီး အမျိုးသမီး နှစ်ဦး သေဆုံးကာ၊ တစ်ဦး ခြေထောက်ကျိုးသွားခဲ့တယ်လို့ နန်းတော်ရှေ့လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေး အသင်းက ပြောပါတယ်။
တိုးဝှေ့တန်းစီနေရင်း လူအုပ်ကြီး ပိမိတာကြောင့် ထိခိုက်ခဲ့တဲ့ အမျိုးသမီး ၃ ဦးကို မန္တလေးပြည်သူ့ ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့ပြီးနောက် ဒေါ်ခင်မျိုးအေး (၅၂ နှစ်)နဲ့ မခိုင်ဝေ (၃၉) နှစ်တို့ သေဆုံးခဲ့ကာ ဒေါ်ဌေးဌေးဝင်းဆိုသူ အမျိုးသမီးမှာ ခြေထောက် ကျိုးသွားတာကြောင့် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။
“မန္တလေး ပတ်စ်ပို့ရုံးမှာက တစ်ရက်ကို လူ ၂၀၀ လောက်ပဲ လျှောက်လွှာတင်ခွင့်ပြုတာ၊ ခုဟာက ပတ်စ်ပို့ လုပ်ချင်နေသူတွေက သိန်းသန်းချီနေတာ၊ ဒါကြောင့် ည ၁၂ လောက်ထဲက ပတ်စ်ပို့ရုံးမှာ လာတန်းစီးကြတယ်။ တစ်နေ့တစ်နေ့ လာတဲ့လူက သောင်းချီတယ်။ တန်းစီလို့ ရပြီဆိုရင် ကြိုရောက်နေတဲ့ လူအုပ်ကြီးက သူ့ထက်ငါ အလုအယက် ပြေးလွှားပြီး တန်းစီရတာလေ။ မနေ့ မနက် လင်းအားကြီးကတော့ အမျိုးသမီး ၃ ယောက် လူအုပ်ပိပြီး ၂ ယောက် သေသွားတယ်ကြားတယ်။ ဒီသူတောင်းစား လက်အောက်မှာ လူတွေလည်း တကယ့်ကို သနားစရာပါ။” လို့ မန္တလေးပက်စ်ပို့ရုံး အနီးမှာ နေထိုင်သူ ဒေသခံတစ်ဦးက ပြောပြပါတယ်။
“ပွဲစားတွေလည်း ရှိပါတယ်။ ဒါပေမဲ့ ဟိုလိုမျိုး မဟုတ်ဘူး။ နေရာ ပွဲစားပေါ့။ သူတို့က တန်းစီပြီး နေရာဦး ပေးတယ်။ ရှေ့ဘက် နေရာကောင်းရင် ပေါက်ဈေးက လေးငါးခြောက်သိန်းအထိ ရတယ်” လို့ ၎င်းက ဆက်ပြောပြပါတယ်။
အင်အားချိနဲ့ လာနေပြီး စစ်သားသစ် စုဆောင်း မရနိုင်တော့တဲ့ အကြမ်းဖက် စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ ထုတ်ပြန် ကြေညာကာ လူငယ်လူရွယ်တွေကို အတင်းအဓမ္မ စစ်တပ်ထဲကို သွတ်သွင်းဖို့ ကြိုးစားလာတာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသအနှံ့အပြားက လူငယ် လူရွယ်တွေဟာ စစ်တပ်ထဲ မဝင်ချင်ကြတာကြောင့် ပြည်ပ နိုင်ငံတွေကို ထွက်ခွါဖို့ နိုင်ငံကူးလက်မှတ်တွေ အပြိုင်အဆိုင် လျှောက်ထားဖို့ ကြိုးစားလုပ်ဆောင်နေကြတာ ဖြစ်ပါတယ်။
အလားတူ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင် တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေဆီကို ချိတ်ဆက် ဝင်ရောက်လာတဲ့ လူငယ်တွေလည်း အများအပြား ရှိလာနေတယ်လို့ သိရပါတယ်။
ဓာတ်ပုံ- လူအုပ်ပိ အမျိုးသမီးများကို နန်းတော်ရှေ့ နယ်လုံးဆိုင်ရာ လူမှုကယ်ဆယ်ရေးအသင်းက ဆေးရုံပို့ရန် ကူညီပေးနေစဉ်
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။