ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းနဲ့သုံးခွ မြို့မရဲစခန်းတို့မှာ ဒီနေ့မနက် (၄)နာရီကျော်လောက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
ဒီနေ့မနက် (၄)နာရီကျော်လောက်မှာ ခရမ်းမြို့မရဲစခန်းထဲသို့ ဗုံး (၂)လုံး ကျရောက်ပေါက်ကွဲ ပြီးနောက် သေနတ်ပစ်ခတ်သံ အချက် (၃၀)ထက်မနည်း ကြားရကြောင်း သုံးခွမြို့မ ရဲစခန်းထဲလည်း ဗုံး (၃)လုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသတွင်းနွေဦး တော်လှန်ရေးစာမျက်နှာ ခရမ်းချန်နယ်က သတင်းထုတ်ပြန်ပါတယ်။
“မနက် (၄)နာရီခွဲလောက်ထင်တယ်။ ပေါက်ကွဲသံအကျယ်ကြီး ကြားရတယ်။ ပြီးတော့ သေနတ်သံတွေ ထပ်ကြားရတယ်။ မနက်လင်းမှပဲ သုံးခွရဲစခန်းထဲ ဗုံးကွဲမှန်းသိတယ်။ ဗုံးလာပစ်ထည့်တာ။ ရဲတွေ သေ၊ မသေတော့ မသိရသေးဘူး” လို့ သုံးခွမြို့မဈေးအနီးနေ ပြည်သူတစ်ဦးက ပြောပါတယ်။
ခရမ်းနဲ့သုံးခွရဲစခန်းထဲက ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ခရမ်းချန်နယ်က ဆိုပါတယ်။
“လတ်တလော ဘာမှမကြားသေးပေမဲ့ ခရမ်းကနေ ရန်ကုန်ပြေးတဲ့ (၃၄)လိုင်းကားကို စစ်တပ်က ပိတ်လိုက်တယ်။ တက္ကစီတွေပဲ ပြေးလို့ရတယ်” လို့ ခရမ်းမြို့ခံတစ်ဦးက ပြောပါတယ်။
ခရမ်း PDF သည် ရန်ကုန်တိုင်းအတွင်း တိုက်ပွဲဝင်မှုအား အကောင်းဆုံးဖြစ်ပြီး ဒီနေ့မနက် ဗုံးပစ်တိုက်ခိုက်မှုဟာ အချက်ပေးခရာသံလည်း ဖြစ်နိုင်ကြောင်း သူက ဆိုပါတယ်။
“ခရမ်းမှာ PDF တွေရဲ့ တိုက်ပွဲခေါ်သံတွေ ပြန်ကြားရတော့မယ်ထင်တယ်။ အခုတော့ ခရမ်းရော သုံးခွပါ တစ်ပြိုင်နက် ဗုံးပစ်တယ်ဆိုတော့ (၂)မြို့နယ်စလုံးကို အပြိုင် ဆော်မလားပဲ။ ပြည်သူတွေလည်း မျှော်လင့်နေကြပါတယ်” လို့ သူက ဆက်ပြောပါတယ်။
ခရမ်းမြို့နယ်အတွင်း ရဲတပ်သား (၃၀)၊ စစ်သား(ကြည်း) (၇၀) နဲ့ ရေတပ်သား (၂၀)လောက် ရှိကြောင်း ခရမ်းချန်နယ်က ဆိုပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။