Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရေးမြို့နယ်မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေး ပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပြီး ဗိုလ်ကြီး ၂ ဦး အပါအဝင် စစ်သား ၃၀ နီးပါး သေဆုံးကာ အများအပြား ဒဏ်ရာရရှိ၊ RPG နှင့် စက်လက်များ အပါအဝင် သေနတ်မျိုးစုံ ၁၃ လက်၊ ခဲယမ်းအများအပြားနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိ

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အကြမ်းဖက် စစ်ကောင်စီ ရေးတံတားကြီး စစ်ဆေးရေးဂိတ်မှာ နေရာယူထားတဲ့ အကြမ်းဖက် စစ်သား အင်အား ၁၀၀ ဝန်းကျင်ကို ဒီကနေ့ မနက် ၇ နာရီမှာ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ MSRF တပ်ဖွဲ့နဲ့ ABSDF တပ်ရင်း ၁ တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပါတယ်။

 

တိုက်ပွဲဖြစ်ချိန် နာရီဝက်ခန့် ကြာမြင့်ပြီးနောက် ပြန်လည် ဆုတ်ခွါလာတဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေကို ရေးမြို့နယ်၊ ဝမ်ပေါင်ရွာနဲ့ ကျုံလားရွာကြားတစ်နေရာမှာ အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၀၆ မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် အင်အား ၃၀ ဝန်းကျင်က ခြုံခိုတိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲ ထပ်မံ ဖြစ်ပွါးခဲ့ပါတယ်။

 

အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဒေါနစစ်ကြောင်း)

ယင်းသို့ ထိတွေ့မှု ဖြစ်ပွါးနေစဉ် တော်လှန်ရေး အင်အားစု ပူးပေါင်း တပ်ဖွဲ့  ဖြတ်တောက်အဖွဲ့များက ပြန်လည် ဝိုင်းပတ် ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် ၂ နာရီခွဲဝန်းကျင်ကြာ တိုက်ပွဲ ပြင်းပြင်းထန်ထန် ဖြစ်ပွါးခဲ့ပြီး ခလရ ၁၀၆ မှ ဗိုလ်ကြီး ၂ ဦး အပါအဝင် အကြမ်းဖက် စစ်သား ၂၇ ဦး ကျဆုံးခဲ့တယ်လို့ ဒေါန စစ်ကြောင်းမှ စစ်ကြောင်းမှူး ကိုဘိတ်က ငွေမောင်းသံကို ပြောပြပါတယ်။

 

အဆိုပါ တိုက်ပွဲမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ၁၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦး စိုးရိမ်ရတယ်လို့ သူက ဆက်ပြောပြပါတယ်။

 

အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဒေါနစစ်ကြောင်း)

“ကျနော်တို့ ရေးတံတားကြီး တိုက်ပွဲအပြီး ပြန်လာချိန်မှာ ဝမ်ပေါင်ရွာနဲ့ ကျုံလားရွာကြား တစ်နေရာမှာ ခလရ ၁၀၆ က ကင်းပုန်းအဖွဲ့တွေက ကျနော်တို့ကို အလစ် ဖြတ်တိုက်တာပေါ့။ အဲ့ဒါကြောင့် အထိများသွားတာပါ။ ၁၂ ဦး ဒဏ်ရာ ရရှိခဲ့ပြီး ၂ ဦးကတော့ နည်းနည်း စိုးရိမ်ရတယ်။” လို့ ဒေါန စစ်ကြောင်းမှူး ကိုဘိတ်က ပြောပါတယ်။

 

“ကျနော်တို့ဘက်က ဖြတ်တောက်အဖွဲ့တွေက အပြင်က တစ်ခါ ပြန်ဝိုင်းပြီး ပိတ်ဆို့တာပေါ့။ အဲ့ဒီမှာ သူတို့ ၂၇ ယောက် သေတယ်။ လက်နက်မျိုး စုံ ၁၂ လက် သိမ်းဆည်းရမိတယ်။ RPG တို့၊ စက်လက်တို့လည်း ပါတယ်။ ခဲယမ်းတွေရောပေါ့။ “လို့ သူက ဆက်ပြောပြပါတယ်။

 

အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဒေါနစစ်ကြောင်း)

အဆိုပါ တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၀၆ တပ်ဆီကနေ သေနတ်မျိုးစုံ စုစုပေါင်း (၁၃) လက်၊ ခဲယမ်း အများအပြားနဲ့  စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့ပါတယ်။

 

သိမ်းဆည်းရမိတဲ့ လက်နက်များမှာ MA10/RPG - (၁) လက်၊ MA 3- (၂)လက်၊ MA1- (၄) လက်၊ MA4- (၁) လက်၊ MA2- (၂) လက်၊ ၆၀ မမ စိန်ပြောင်းအတို (၁) လက်၊ ၄၀ မမဗုံးသီး (၂၄) လုံး၊ RPG ဗုံးသီး -(၅) တောင့်၊ RPG ပို့ယမ်း (၄) တောင့်၊ အီနာဂါဗုံးသီး  (၁၉)တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ရှေ့ထွက်မိုင်း (၁) လုံး၊ နင်းမိုင်း (၄) လုံး၊ 5.56 box (၃၄)ခု၊ စက်လက် box (၁) ခု၊ ပစ္စတို (၂) လက်၊ အတိုကျည် box -(၃) ခု၊ 9 mm ကျည် (၁၈) တောင့်၊ 5.56 ကျည် (၁၃၆၇) တောင့်၊AK ကျည် (၁) တောင့်၊ လက်ကိုင်ဖုန်း (၇) လုံး၊ ဆက်သွယ်ရေးစက် icon (၂) ခု၊ Icon two way Radio (၃) လုံး တို့ ဖြစ်ပါတယ်။

 

အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဒေါနစစ်ကြောင်း)

တိုက်ပွဲဖြစ်ပွါးနေစဉ်အတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေဘက်က ရေးမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ ခလရ ၆၁ နဲ့ စကခ ၁၉ တပ်များအတွင်းကို ၈၁ မမ နဲ့ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆိုပါ တပ်ရင်းတပ်ဖွဲ့ဝန်းထဲမှာလည်း ထိခိုက်သေဆုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။

 

“ကျနော်တို့ဘက်က လက်နက်ကြီး ပစ်ကူအနေနဲ့ ခလရ ၆၁ နဲ့ စကခ ၁၉ တပ်တွေထဲကို ၈၁ မမ (၄) လုံး၊ ၆၀ မမ (၅) လုံး ပစ်ခဲ့ပါတယ်။ အဲ့ဒီမှာလည်း ထိခိုက်မှုတွေ အတော်များတယ်။ သေတာရော၊ ထိတာရော မနည်းဘူး။ စာရင်းတော့ အတိအကျ မသိရသေးဘူး”လို့ ဒေါန စစ်ကြောင်းမှူး ကိုဘိတ်က ငွေမောင်းသံကို ပြောပြပါတယ်။

 

အကြမ်းဖက် စစ်တပ်ထံမှ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ဒေါနစစ်ကြောင်း)

လက်ရှိအချိန်မှာတော့ တိုက်ပွဲမှာ ပါဝင်ခဲ့တဲ့ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ်ဖွဲ့ (YGF)၊ MSRF တပ်ဖွဲ့နဲ့ ABSDF တပ်ရင်း ၁ က ရဲဘော်တွေ လုံခြုံဘေးကင်းတဲ့ နေရာကို ရောက်နေပြီဖြစ်ကာ ဒဏ်ရာရ ရဲဘော်တွေကို လိုအပ်တဲ့ ဆေးဝါးကုသပေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

 

˜˜˜˜

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။