Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်ကောင်စီနဲ့ နိုင်ငံရေး ဆွေးနွေး အဖြေရှာဖို့ မဖြစ်နိုင်တော့ဘူးလို့ မွန်ပြည်သစ် ခေါင်းဆောင် တချို့ ကြေညာတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းကာ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမည်ဟုဆို

ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေး အင်အားစုများနဲ့ ပူးပေါင်း လက်တွဲကာ အာဏာသိမ်း စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ မွန်ပြည်သစ်ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော အပါအဝင် ပါတီဝင်များနဲ့ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ် တပ်သား ရဲဘော်များက ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

 

အာဏာသိမ်း စစ်ကောင်စီနဲ့ ၃ ကြိမ်တိုင်တိုင် တွေ့ဆုံကာ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြီး လက်ရှိ နိုင်ငံရေး ပြဿနာများကို ဖြေရှင်းရေး အပါအဝင် ဖက်ဒရယ် အခြေခံမူတွေကို တင်ပြ ဆွေးနွေးခဲ့ပေမယ့် မွန်ပြည်သစ်ပါတီက မျှော်မှန်းတဲ့ ရလဒ်တွေ မရရှိခဲ့ဘူးလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ 

 

အာဏာသိမ်းစစ်တပ်က ပြည်သူလူထုအပေါ် လက်နက်အားကိုးပြီး လူမဆန်စွာ ဖမ်းဆီးညှဉ်းဆဲ ၊ အကျဉ်းချ သတ်ဖြတ်မှုတွေကို နေ့စဉ် ကျူးလွန်နေတဲ့အပြင် မွန်ပြည်နယ်အတွင်းမှာလည်း အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုမျိုးစုံကို ကြုံတွေ့နေရတယ်လို့ ဖော်ပြထားပါတယ်။ 

အထူးသဖြင့် ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ လက်နက်ကြီး ပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ နေအိမ်မီးရှို့မှုတွေကို ပိုမိုပြုလုပ်လာတာကြောင့် အကြမ်းဖက် စစ်ကောင်စီနဲ့ နိုင်ငံရေးအရ ဆက်လက် ဆွေးနွေး အဖြေရှာဖို့ မဖြစ်နိုင်တော့ဘူးလို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဆိုပါ ကြေညာချက်ကို နိုင်ငံရေး စစ်ရေး ဦးဆောင်အဖွဲ့၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး)ကနေ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး ယင်းအဖွဲ့မှာ မွန်ပြည်သစ် ပါတီ အထွေထွေ အတွင်းရေးမှူး နိုင်ဇေယျ၊ ဒု အဖွဲ့ ခေါင်းဆောင်(၁) နိုင်ဗညားလယ်၊ ဒုအဖွဲ့ ခေါင်းဆောင် (၂) နိုင်ရီရီကောင်း၊ ဒု စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထောတို့ ပါဝင်တယ်လို့ သိရပါတယ်။

 

“အဓိကကတော့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ပြီးမှပဲ ကျနော်တို့ လိုလားနေတဲ့ အမျိုးသားတန်းတူရည်တူ ပြဋ္ဌာန်းခွင့်၊ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ရရှိနိုင်လိမ့်မယ်လို့ လုံးဝယုံကြည်တယ်”လို့ ဒုအဖွဲ့ခေါင်းဆောင်(၁) နိုင်ဗညားလယ်က Myanmar Now မီဒီယာကို ပြောကြားခဲ့ပါတယ်။ 

 

၎င်းတို့အဖွဲ့အနေဖြင့် လက်ရှိ မွန်ပြည်သစ်ပါတီ တပ်ချထားရေးနဲ့ ပဋိပက္ခမဖြစ်အောင် ဂရုစိုက်ပြီး အထူးရှောင်ရှားသွားမှာ ဖြစ်ပြီး မွန်ပြည်သစ်ပါတီ လှုပ်ရှားမှု မရှိတဲ့ နေရာတွေမှာ အဓိက လှုပ်ရှားသွာမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပြပါတယ်။ 

 

စစ်အာဏာရှင်တွေကို တိုက်ခိုက်ရာမှာ မိမိတို့ တစ်စုတစ်ဖွဲ့တည်းနဲ့ လုပ်ဆောင်လို့ အောင်မြင်နိုင်မှာ မဟုတ်ဘဲ၊ ဘဝတူ တိုင်းရင်းသား မဟာမိတ် အဖွဲ့အစည်းတွေ၊ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေနဲ့ စုစုစည်းစည်း ချိတ်ဆက်မှု ရှိရှိနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်သွားဖို့ လိုမယ်၊ ဒါမှလည်း စစ်အာဏာရှင်တိုက်ဖျက်ရေးကို မြန်မြန် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ သူက ဆက်လက် ပြောဆိုခဲ့ပါတယ်။ 

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။