Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်တပ်ကို KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ စစ်ဆင်ရေး ပြုလုပ်၊ အကြမ်းဖက် စစ်သား ၁၀ ဦးကျော် သေဆုံးကာ Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီး ပျက်ဆီးဆုံးရှုံးခဲ့ဟု သိရ

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်းရော်ဒေသ၊ ခလယ်တံခွန်တိုင်ကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်မ ၄၄ လက်အောက်ခံ တပ်တွေနဲ့ BGF ပူးပေါင်းစစ်ကြောင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့က စတင်ပြီး KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ၂၂ ရက်နေ့အထိ တစ်ပတ်တာ တိုက်ပွဲအတွင်းမှာ မြေပြင်ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရှိခဲ့သလို ဒရုန်းနဲ့လည်း ဝေဟင်က ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ စစ်ဆင်ရေးမှာ Cloud Wings ဒရုန်းတပ်ဖွဲ့အနေနဲ့လည်း ၈၁ မမ၊ ၆၀ မမ အစရှိတဲ့ ဗုံးသီးတွေနဲ့ အလုံးပေါင်း ရာကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


တိုက်ပွဲများအတွင်း Cloud Wings ဒရုန်းတပ်ဖွဲ့ရဲ့ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ စစ်သား ၁၀ ဦး ထက်မနည်း သေဆုံးခဲ့ကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။


ထိခိုက် ဒဏ်ရာရရှိခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေကို BGF တပ်ဖွဲ့တွေရဲ့ အကူအညီ ရယူကာ ကား ၈ စီးနဲ့ သယ်ဆောင်သွားပြီး မော်လမြိုင် ကုတင် ၃၀၀ ဆန့် စစ်ဆေးရုံသို့ ပို့ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။


Cloud Wings ဒရုန်းတပ်ဖွဲ့မှ ဒရုန်းတစ်စီးလည်း အကြိမ်ပေါင်းများစွာ စစ်ဆင်ရေးဆောင်ရွက်နေစဉ်အတွင်း ပျက်ကျခဲ့ရပြီး ရန်သူစစ်ကောင်စီတပ်ဘက်မှ ကောက်ယူသိမ်းဆည်း သွားခဲ့ပါတယ်။ 


စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်တွေမှာ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂ တပ်ရင်းနဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၂၁ BGF တပ်ရင်း စတဲ့ တပ်တွေ ပါဝင်ခဲ့ပြီး အဘစ် ကျေးရွာ အခြေစိုက် အမတ-၃၁၈ အမြောက်တပ်ကနေလည်း ၁၂၂ မမ ဟောင်ဝစ်ဇာ အမြောက်ကြီးများ၊ ၁၂၀ မမ လက်နက်ကြီးများနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တဲ့အပြင် တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေနဲ့လည်း လေကြောင်းပစ်ကူ အကြိမ်ကြိမ် ပေးခဲ့တယ်လို့ သိရပါတယ်။


စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ လက်ရှိအချိန်မှာ ခလယ်တံခွန်တိုင်ကျေးရွာနဲ့ အနီးပတ်ဝန်းကျင်ဒေသတွေမှာ ဝင်ရောက်တပ်စွဲ နေတာကြောင့် လှကဇိုင်း၊ တော့ပလော့၊ ဘုရားငါးဆူ၊ ခလယ်ရွာလေး၊ မြို့ဟောင်း၊ ခလယ်ရွာကြီး စတဲ့ ကျေးရွာနေ ပြည်သူ တစ်သောင်းခွဲကျော်ဟာ အိုးအိမ်စွန့်ခွါပြီး စစ်ဘေးတိမ်းရှောင် နေရတယ်လို့ သိရပါတယ်။ 


အဆိုပါ ကျေးရွာများရှိ စစ်ဘေးရှောင် ပြည်သူနေအိမ်တွေကို ဖောက်ထွင်း ဖျက်စီးကာ အဖိုးတန် ပစ္စည်းတွေနဲ့ ငွေကြေးများကို ဝင်ရောက်ခိုးယူခြင်း၊ ရွာသားများကို ဖမ်းဆီးရိုက်နှက်ခြင်းများ လုပ်ဆောင်နေတယ်ဟု ဒေသခံ စစ်ဘေးရှောင် ပြည်သူတွေက ပြောပါတယ်။


ဒီစစ်ဆင်ရေးမှာ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်- KNLA ရဲ့ ဦးစီးဦးဆောင်မှုနဲ့ နဂါးနီစစ်ကြောင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF နှင့်အတူ Cloud Wings ဒရုန်းတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့တယ်လို့ Cloud Wings ဒရုန်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

~~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။