ထိုင်း-မြန်မာနယ်စပ် ပိုင်ကလန်ကျေးရွာရှိ အကြမ်းဖက် စစ်ကောင်စီ ရေတလျောက်ဂိတ်စခန်းကို ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA)နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဒီကနေ့ စက်တင်ဘာ ၁၄ ရက် မနက် ၁၁ နာရီခွဲဝန်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တယ်လို့ နယ်မြေခံ တော်လှန်ရေး သတင်းရင်းမြစ်တွေထံက သိရပါတယ်။
အဆိုပါ ဂိတ်စခန်းကို ဒီကနေ့ မနက် ၆ နာရီကျော်မှာ KNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ၁၁ နာရီခွဲဝန်းကျင်မှာ အပြီးသတ် စခန်းသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။
အကြမ်းဖက် ရေတလျောက် စစ်စခန်းကို သိမ်းပိုက်ရရှိချိန်မှာ လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့ပြီး ခဲယမ်းပစ္စည်းချည်းပဲ ကားသေး ၂ စီးစာ ရရှိခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က အသေအပျောက် များခဲ့ပြီး စစ်ကောင်စီ စစ်သားတွေ ထွက်ပြေးသွားပြီးနောက်မှာ ရေတလျောက် စခန်းကုန်းကို အပြီးသတ် ရှင်းပစ်နိုင်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ ရေတလျောက်စခန်းရှိရာ ပိုင်ကလန်ကျေးရွာဟာ KNU နယ်မြေ သတ်မှတ်ချက်အရ ကော့ကရိတ်မြို့နယ်မှာ တည်ရှိပြီး မြန်မာစစ်တပ်ရဲ့ သတ်မှတ်ချက်အရတော့ ကြာအင်းဆိပ်ကြီးမြို့နယ်မှာ ပါဝင်တယ်လို့ KIC သတင်းမှာ ဖော်ပြထားပါတယ်။
ရေတလျောက် စခန်းသိမ်းတိုက်ပွဲနဲ့ ပတ်သက်ပြီး နယ်မြေခံ စစ်သတင်းရင်းမြစ်တွေက အတည်ပြု ပြောဆိုထားပေးမယ့် KNLA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ဘက်က တရားဝင် သတင်းထုတ်ပြန်တာ မတွေ့ရသေးတာကြောင့် အသေးစိတ် အခြေအနေတွေကိုတော့ မသိရသေးပါဘူး။
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။