မွန်ပြည်နယ်၊ ပေါင်မြို့နယ်အတွင်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတစ်ဦး PDF တို့ရဲ့ ပစ်ခတ်မှုကြောင့် ပြင်းထန်ဒဏ်ရာရကာ မော်လမြိုင် စစ်ဆေးရုံရောက်သွားကြောင်း သိရပါတယ်။
ဩဂုတ် ၂၈ ရက်၊ ညနေ ၄ နာရီလောက်က ပေါင်မြို့နယ်၊ သဗြုချောင်ရွာ အုပ်ချုပ်ရေးမှူး အောင်ငွေထွန်း(ခ)မောင်တူးဟာ ရင်းငြိမ်မြောက်ကျေးရွာကနေ သဗြုချောင်ရွာသို့ ဆိုင်ကယ်နဲ့ပြန်လာစဉ် ရင်းငြိမ်မြောက်ကျေးရွာ ဘောလုံးကွင်းအနီးကားလမ်းမှာ PDF တွေက ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တပင်ရွှေထီးစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။
“ PDF တွေက သတင်းရလို့ သေချာစောင့်ပစ်တာ။ အဲဒါနဲ့ သဗြုချောင်မှာ ဘယ်သူသတင်း ပေးသလဲဆို ပြီး စခတွေ စောင့်ကြည့်နေတယ်။ ရင်းငြိမ်မြောက်ဆိုတာက ရွာကြီး။ အိမ်ခြေ ၂၀၀၀ လောက်ရှိတဲ့ရွာ ဆိုတော့ PDF နဲ့ ဘယ်သူပတ်သက်သလဲဆိုတာမျိုးက ရှာရခက်တယ်။ မနေ့ည ဩဂုတ် ၂၉ ရက် အထိ အုပ်ကြီးမသေသေးဘူး။ ဒီမနက်တော့ မသိသေးဘူး။ ဒဏ်ရာပြင်းတယ်။ မသေတောင် ဘာမှလုပ်နိုင်တော့မှာမဟုတ်ဘူး”လို့ ဒေသခံ သတင်းရင်းမြစ်က ဆိုပါတယ်။
မောင်တူးဟာ PDF ပစ်ခတ်တဲ့ ကျည် ၂ တောင့်ထိမှန်ခဲ့ကြောင်းသိရပါတယ်။ ပေါင်မြို့နယ် အတွင်းရှိ စစ်အုပ်စုခန့် အုပ်ချုပ်ရေးမှူးတွေ အမြန်ဆုံးနှုတ်ထွက်ကြဖို့ တပင်ရွှေထီး စစ်ကြောင်းက သတိပေးထားပါတယ်။
အုပ်ကြီးမောင်တူး ရှင်းလင်းခြင်းကို သထုံခရိုင်၊ တပ်မဟာ(၁)၊ KNLA/PDF အမှတ်(၂)တပ်ရင်းရဲ့ UG အဖွဲ့ နဲ့ S.O.F အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
ဩဂုတ် ၂၇ ရက် ညနေပိုင်းကလည်း ပေါင်မြို့ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်သားတွေကို ဒရုန်းနဲ့ ဗုံးသီး ၇ လုံးချ တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၅ ဦး ဒဏ်ရာရခဲ့ကြောင်း တပင်ရွှေကြီးစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
~~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။