ကိုးကန့်တပ် MNDAA လို့ လူသိများတဲ့ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ဟာ ဇူလိုင်လ ၃ ရက်နေ့ကစပြီး လားရှိုးမြို့ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ်တွေကို ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပါတယ်။
လားရှိုးမြို့သိမ်းတိုက်ပွဲစတင်ပြီး ရက်ပေါင်း ၂၀ ကျော်အကြာမှာ လားရှိုးမြို့ပေါ်က နေရာအတော်များများကို MNDAA ကိုးကန့်တပ်တွေက ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီ တပ်တွေကို MNDAA တပ်တွေက အပြင်းအထန် ထိုးစစ်ဆင်ပြီး မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေတဲ့ လားရှိုးမြို့ရဲ့ အထင်ကရ နေရာတွေထဲမှာ လားရှိုးအကျဉ်းထောင်ဟာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။
လားရှိုးအကျဉ်းထောင်မှာ အကြမ်းဖက် စစ်ကောင်စီက မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီအထဲမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်၊ ပြည်သူ့လွှတ်တော် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်လည်း ပါဝင်နေပါတယ်။
ဦးထွန်းထွန်းဟိန်ကို အကြမ်းဖက် စစ်ကောင်စီက အာဏာသိမ်းပြီးပြီးချင်မှာပဲ ဖမ်းဆီးချုပ်နှောင်ထားခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် ၃၃ နှစ် ချမှတ်ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး အကျဉ်းထောင်မှာ အကျဉ်းချ ချုပ်နှောင်ထားခဲ့တာ ဖြစ်ပါတယ်။
အခုတော့ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသားပေါင်း ၂၀၀ ကျော်ကို မတရား ဖမ်းဆီးချုပ်နှောင်ထားတဲ့ လားရှိုးအကျဉ်းထောင်ဟာ MNDAA ရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဇူလိုင်လ ၂၈ ရက်နေ့ မနက်ပိုင်းမှာ ထောင်ပွင့်သွားခဲ့ပါပြီ ဖြစ်ပါတယ်။
အကျဉ်းထောင် ပွင့်သွားခဲ့တာကြောင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ မတရား ဖမ်းဆီးချုပ်နှောင်မှုကနေ လွတ်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။
ဦးထွန်းထွန်းဟိန် အပါအဝင် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်ကို လားရှိုးမြို့နယ်၊ ပြည်သူ့ကာကွယ်ရေး အဖွဲ့(ပကဖ)နဲ့ တော်လှန်ရေး အင်အားစုတွေက ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးမောင်မောင်ဆွေက ပြောပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ နောင်ချိုမြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိထားသူ ဖြစ်ပြီး အသက် ၇၅ နှစ် အရွယ်ရှိပြီ ဖြစ်ကာ လားရှိုး အကျဉ်းထောင်က လွတ်မြောက်လာချိန်မှာ ကျန်းမာရေးကောင်းမွန်တယ်လို့လည်း သိရပါတယ်။
လားရှိုးထောင် ပွင့်တဲ့အချိန်မှာ နိုင်ငံရေး အကျဉ်းသား တချို့ မိုင်းစထိမှန် ဒဏ်ရာရခဲ့ပေမယ့် မစိုးရိမ်ရဘဲ၊ လက်ရှိအချိန်မှာ ဆေးဝါးကုသမှုတွေ လုပ်ဆောင်ပေးနေတယ်လို့လည်း ဆိုပါတယ်။
ရှမ်းမြောက်ဒေသမှာ ၁၀၂၇ စစ်ဆင်ရေးကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ်နှောင်ထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို အခုလို အများအပြား ကယ်ထုတ်နိုင်ခဲ့တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မိုးကုတ်မြို့သိမ်းတိုက်ပွဲမှာ မိုးကုတ် အကျဉ်းထောင်ကနေ နိုင်ငံရေး အကျဉ်းသား ၁၄ ဦးကို ကယ်ထုတ်နိုင်ခဲ့ပါသေးတယ်။
~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။