ဧရာဝတီတိုင်း၊ ဖျာပုံမြို့နယ်ရှိ ဖျာပုံအကျဉ်းထောင်မှာ စစ်တပ်၊ ရဲနဲ့ ထောင်အာဏာပိုင်တွေရဲ့ ဥပဒေမဲ့ နှိပ်စက် ညှဉ်းပန်းမှုတွေကြောင့် နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား ၂၀ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသခွင့်ရဖို့ လိုအပ်နေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ဒီကနေ့ သဘောထားထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
#ဖျာပုံထောင်_ပဋိပက္ခ_ဖြစ်စဉ်
ပုဒ်မ (၅၄)နဲ့ အမှု ရင်ဆိုင်နေရတဲ့ ကိုနန်းလင်းအောင်ကို မတ်လ ၃၁ ရက်နေ့ နေ့ခင်း တန်းပိတ် ထားချိန်မှာ ဖျာပုံထောင် အကျဉ်းဦးစီးဝန်ထမ်း တပ်ကြပ်ကြီး ဌေးမြင့်က ဥပဒေမဲ့ ဝင်ရောက် ရိုက်နှက်ခဲ့ပါတယ်။
ရိုက်နှက်မှု ကျူးလွန်ခဲ့တဲ့ တပ်ကြပ်ကြီး၊ အိပ်ဆောင် အဆောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေကို နိုင်ငံရေး အကျဉ်းသားတွေက အခုလို ဥပဒေမဲ့ ရိုက်နှက်မှုမျိုး ပြုလုပ်ခွင့် မရှိကြောင်း တင်ပြခဲ့ရာမှာ အိပ်ဆောင် အဆောင်မှူးနဲ့ ထောင်ဝန်ထမ်းတွေက လက်မခံနိုင်ကြောင်း အော်ဟစ်ပြောဆိုခဲ့တာကြောင့် နိုင်ငံရေး အကျဉ်းသားတွေနဲ့ ထောင်ဝန်ထမ်းတွေ ကြားမှာ ပဋိပက္ခ စတင်ဖြစ်ပွါးခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်စဉ်အပေါ်မှာ မှန်မှန်ကန်ကန် မဖြေရှင်းဘဲ ဖျာပုံထောင် အာဏာပိုင်တွေက နိုင်ငံရေး အကျဉ်းသားတွေနဲ့ တခြား ရာဇာဝတ် အကျဉ်းသားတွေ ပူးပေါင်းပြီး ထောင်ဖောက်ဖို့ ကြံစည်နေတယ်လို့ စစ်တပ်နဲ့ ရဲကို သတင်းမှား ပေးပို့ခဲ့ပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်တပ်နဲ့ ရဲတွေဟာ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဖျာပုံ အကျဉ်းထောင်ထဲသို့ ဝင်ရောက်ပြီး သေနတ်တွေနဲ့ ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။ ယင်းသို့ အကြမ်းဖက် ဖြိုခွင်းချိန်မှာ သေနတ်ပစ်ခတ်သံ ၁၀ ကြိမ် ထက်မနည်း ကြားခဲ့ရပြီး နိုင်ငံရေး အကျဉ်းသား အများအပြားလည်း မတရား ရိုက်နှက်နှိပ်စက် ခံခဲ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM)ရဲ့ သဘောထား ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဖျာပုံအကျဉ်းထောင် ပဋိပက္ခ ဖြစ်စဉ်မှာ ပါဝင်ခဲ့သူတွေဆိုတဲ့ စွပ်စွဲချက်နဲ့ နိုင်ငံရေး အကျဉ်းသားတွေနဲ့ ရာဇဝတ် အကျဉ်းသားတွေကို စစ်တပ်၊ ရဲနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေက မတ်လ ၃၁ ရက်နေ့ကနေ ဧပြီလ ၂ ရက်နေ့အထိ ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို စစ်တပ်၊ ရဲနဲ့ အကျဉ်းထောင်ဝန်ထမ်းတွေရဲ့ ရိုက်နှက် နှိပ်စက် ညှဉ်းပန်းခံနေရသူတွေထဲမှာ အသက် ၂၁ နှစ်ကနေ အသက် ၆၅ နှစ် အရွယ်အထိ ပါဝင်တယ်လို့ သိရပါတယ်။
ဆိုးဝါးပြင်းထန်တဲ့ ရိုက်နှက် နှိပ်စက်မှုတွေကြောင့် ဖျာပုံထောင်အတွင်းရှိ နိုင်ငံရေး အကျဉ်းသား ၂၀ ဦးမှာ ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ပြီး အရေးပေါ် ဆေးဝါးကုသခွင့် ရရှိဖို့ လိုအပ်နေပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေဟာ ခြေထောက်တွေမှာ ဆိုးဆိုးဝါးဝါး ရိုက်နှက် ခံထားရတာကြောင့် လမ်းမ လျှောက်နိုင်ဘဲ ခွေလှဲနေရတယ်လို့ သိရပါတယ်။
ဖျာပုံထောင်အတွင်းမှာ နိုင်ငံရေး အကျဉ်းသားတွေရော၊ ရာဇာဝတ် အကျဉ်းသားတွေကိုပါ မနေ့က ဧပြီ ၂ ရက်နေ့ ညပိုင်းအထိ စစ်တပ်၊ ရဲနဲ့ ထောင်ဝန်ထမ်းတွေက ခေါ်ယူစစ်ဆေးမှုတွေ၊ ရိုက်နှက်ညှဉ်းပန်းမှု တွေ လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။
လက်ရှိအချိန်အထိ နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသားပေါင်း ၈၀ ကျော်ဟာ ဆိုးဝါးပြင်းထန်တဲ့ ရိုက်နှက်စစ်ဆေးမှုတွေနဲ့ ရင်ဆိုင်နေကြဆဲ ဖြစ်ပါတယ်။
ဖျာပုံအကျဉ်းထောင်တွင်းက နိုင်ငံရေး အကျဉ်းသားတွေ အပါအဝင် အကျဉ်းသား စုစုပေါင်း ၁၈ ဦးကို ဖျာပုံမြို့နယ် တရားသူကြီး ဒေါ်ဇင်မာလွင်က ဧပြီလ ၁ ရက်နေ့ ညနေပိုင်းမှာ အကျဉ်းထောင် ဥပဒေ ပုဒ်မ ၂၂၄ နဲ့ ထောင်ဒဏ် ၆ လစီ အမိန့်ချခဲ့ပြီး အဆိုပါ အကျဉ်းသား ၁၈ ဦးကို ဖျာပုံ အကျဉ်းထောင် ထဲမှာ တိုက်ပိတ်ထားတယ်လို့ သိရပါတယ်။
#ပဋိပက္ခဖြစ်စဉ်မှာ တာဝန်ရှိသူတွေ
ဖျာပုံ အကျဉ်းထောင်အတွင်းက အကျဉ်းသားတွေကို ရိုက်နှက်နှိပ်စက်တဲ့ ဖြစ်စဉ်မှာ ဖျာပုံထောင် တာဝန်ခံ အရာရှိ ဇော်ထွန်းဦး၊ ဒုတိယ တာဝန်ခံ အရာရှိ အောင်ဆန်းလင်း၊ လက်ထောက် ကြီးကြပ်ရေးမှူးတွေ ဖြစ်တဲ့ ကျော်ထက်အောင်၊ ပြည့်ဖြိုးထိုက်၊ ရဲမြင့်၊ ဟိန်းထက်အောင်ဆိုသူတို့ အဓိက ပါဝင်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ ခလရ ၉၈ တပ်ရင်းမှ စစ်သားတွေ၊ ဖျာပုံ မြို့မရဲစခန်းနဲ့ ခရိုင် ရဲစခန်းများမှ စခန်းမှူးတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေလည်း ညှဉ်းပန်းနှိပ်စက်ရာမှာ ပါဝင်ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ဆိုပါတယ်။
မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ လူသားတိုင်း ရရှိသင့်တဲ့ အခြေခံ ရပိုင်ခွင့်တွေဖြစ်တဲ့ Right to life (အသက်ရှင်သန်ပိုင်ခွင့်)၊ Freedom from torture (ညှဉ်းပန်းနှိပ်စက်မှုမှ ကင်းလွတ်ခွင့်)စတဲ့ အခြေခံ အခွင့်အရေးတွေကိုတောင် မရရှိဘဲ အကျဉ်းသားတွေဟာ လူ့အခွင့်အရေး ချိုးဖောက် ကျူးလွန်မှုတွေနဲ့ ဆိုးဆိုးဝါးဝါး ရင်ဆိုင်နေကြရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက် (PPNM) က ပြောပါတယ်။
အခုလို အကျဉ်းထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြုလုပ်ဖို့ စေခိုင်းသူတွေ၊ ကိုယ်တိုင် ကျူးလွန်သူတွေနဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေမှာ ပါဝင်ပက်သက်သူတွေကို ထိထိရောက်ရောက် အရေးယူ နိုင်ဖို့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC)အနေနဲ့ အကျဉ်းထောင်တွေ အတွင်းကို အမြန်ဆုံး ဝင်ရောက်ခွင့် ရရှိစေရေး ကြိုးပမ်းဆောင်ရွက်ဖို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများ ကွန်ရက်(PPNM)က တိုက်တွန်းထားပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။