မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်က အင်အား ၂၀၀ ဝန်းကျင်နဲ့ မေလ ၁၃ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ စတင်ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်တွေက နှစ်ရက်ကြာ ခုခံတိုက်ခိုက်ခဲ့ကြတယ်လို့ Myingyan Black Tiger (MBT)က သတင်းထုတ်ပြန်ပါတယ်။
ထိုးစစ်ဆင် တိုက်ခိုက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေဟာ Myingyan Black Tiger (MBT)နဲ့ ညီနောင် မဟာမိတ်တပ်တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ပထမရက်မှာ အကျအဆုံး များစွာနဲ့ ရှေ့တက်နိုင်ခဲ့ခြင်း မရှိဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဆက်လက်ပြီး မေလ ၁၄ ရက်နေ့ မနက် ၆ နာရီဝန်းကျင်မှာ နောက်တစ်ကြိမ် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီဘက်က ရေတပ်မှ ပစ်ကူပေးခြင်း၊ ဝေဟင်မှ ဒရုန်းများနဲ့ တိုက်ခိုက်ခြင်းတို့ကြောင့် တော်လှန်ရေး ပူးပေါင်းတပ်တွေ ပြန်လည် ဆုတ်ခွါပေးခဲ့ရတယ်လို့ သိရပါတယ်။
နှစ်ရက်တာ ခုခံတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၆၀ ဝန်းကျင် သေဆုံးကာ ၈၀ နီးပါး ဒဏ်ရာရရှိခဲ့တယ်လို့ MBTတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တိုက်ပွဲအတွင်း MBTတပ်ဖွဲ့နဲ့ ညီနောင် မဟာမိတ် တော်လှန်ရေး တပ်များဘက်မှ ၁၅ ယောက်ဝန်းကျင် ထိခိုက်ဒဏ်ရာ ရရှိကာ အခြေအနေ မစိုးရိမ်ရဘူးလို့ သိရပါတယ်။
တိုက်ပွဲအပြီးမှာ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဟာ ရွာရှည်ရွာကို ရွာလုံးကျွတ် မီးရှို့ဖျက်စီးခဲ့ပြီး အရပ်သား ပြည်သူ ၄ ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားခဲ့တယ်လို့ ဆိုပါတယ်။
ရွာရှည်ရွာ တိုက်ပွဲမှာ နှစ်ရက်တာ ခုခံတိုက်ခိုက်မှုမှာ Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်း ၉)နဲ့အတူ မြင်းခြံခရိုင် တပ်ရင်း ၆၊ တပ်ခွဲ ၁ နောင်ရိုး ပြောက်ကျားတပ်ဖွဲ့၊ Bright Star Group၊ ဗိုလ် ၆၀ တပ်ဖွဲ့၊ Popa Guerilla Force၊ Royal Eagle People Defence၊ Myingyan Danger Dynamite၊ Drone Fighter Kani - D. F. K၊ Anyar Federal Task Force၊ 27 Revolution Force၊ BGF နဲ့ အခြား ညီနောင် မဟာမိတ်တပ်ဖွဲ့တွေ ပူးပေါင်း ပါဝင်တိုက်ခိုက်ပေးခဲ့ကြတယ်လို့ ဖော်ပြပါတယ်။
ရုပ်သံ - ရွာရှည်ရွာ တိုက်ပွဲ ရုပ်သံမှတ်တမ်း (source : MBT)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။