စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ တော်လှန်ရေး တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ကျေးရွာ ၁၄ ရွာကို အမျိုးသား ညီညွတ်ရေး အစိုးရ NUG က လျှပ်စစ်မီး စတင် ပေးနေပြီလို့ ခင်ဦးမြို့နယ် ပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့(ပကဖ)က သတင်း ထုတ်ပြန်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီက ခင်ဦးမြို့နယ် အတွင်းရှိ ကျေးရွာပေါင်း ၃၈ ရွာကို လျှပ်စစ်မီး ဖြတ်တောက်ထားပြီး ထရန်စဖော်မာ ၁၅ လုံးကို ဖျက်ဆီးထားပါတယ်။
လက်ရှိအချိန်မှာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG၊ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနရဲ့ ခင်ဦးမြို့နယ် တာဝန်ခံတွေက ကျေးရွာပေါင်း ၁၄ ရွာကို လျှပ်စစ်မီး ရရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ထရန်စဖော်မာ ၁၂ လုံးကို ပြန်လည် ပြင်ဆင်အသုံးပြုနေကာ တစ်လုံးကို ပြင်ဆင်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
NUG အစိုးရရဲ့ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ထောက်ပံ့ပေးခဲ့တဲ့ 33/0.4 200 kva ထရန်စဖော်မာ အသစ် အစားထိုး လဲလှယ် တပ်ဆင်ခြင်း ဖွင့်ပွဲ အခမ်းအနားကို မေလ ၁၁ ရက်နေ့က ဆောင်ရွက်ခဲ့ပြီး ၄၀၀ ဗို့အားလိုင်း မီးဆွဲခြင်း ပြီးမြောက်မှုနဲ့ လျှပ်စစ် ဓာတ်အားပေးမှု ဖွင့်ပွဲ အခမ်းအနားကို မေလ ၁၄ ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ ဖွင့်ပွဲအခမ်းအနားကို မြို့နယ်ပအဖ/ ပကဖမှ တာဝန်ရှိသူတွေ အပါအဝင် မြို့နယ် လျှပ်စစ်၊ လူသားစာနာ၊ ပြည်သူ့ရင်ခွင်၊ တရားရေး၊ ပညာရေး၊ လူ့အခွင့်ရေး၊ သတင်းပြန်ကြားရေး၊ သယံဇာတ၊ အခွန်တော်၊ မွေး/ကု၊ စိုက်ပျိုးရေးဌာတို့မှ တာဝန်ရှိသူတွေနဲ့ ကျေးရွာ မီးလင်းရေး ကော်မတီ အဖွဲ့များ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။
ဓာတ်ပုံ - လျှပ်စစ် ဓာတ်အားပေးမှု ဖွင့်ပွဲ အခမ်းအနား မှတ်တမ်းဓာတ်ပုံများ
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။