ကရင် အမျိုးသား အစည်းအရုံး (KNU)၊ ဘိတ်-ထားဝယ်ခရိုင်/ တပ်မဟာ ၄ နယ်မြေ၊ ထီးမိုပွာနယ်မြေရှိ အကြမ်းဖက် စစ်ကောင်စီ မောထစစ်စခန်းကို ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ KNLA/PDF ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ ၃၀ ကျော် သိမ်းဆည်း ရမိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ ခလရ ၁၉ တပ်ရင်း အခြေချ တပ်စွဲထားတဲ့ မောထစစ်စခန်းကို KNLA တပ်ရင်း ၂၇၊ တပ်ရင်း ၁၂ နဲ့ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (PDF)တို့ ပူးပေါင်းကာ ဒီကနေ့ မနက်စောစောမှာ စတင်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မနက် ၉ နာရီဝန်းကျင်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
မောထ စစ်ကောင်စီ စခန်းဟာ ၁၉၉၇ ခုနှစ်ကတည်းက အခြေချ တပ်စွဲထားတဲ့ စစ်စခန်းတစ်ခုဖြစ်ပြီး တိုက်ခိုက်ခံရချိန်မှာ စစ်သား အင်အား ၄၀ ဝန်းကျင် ရှိနေသော်လည်း ၎င်းတို့ အားလုံးနီးပါးဟာ စခန်းကို စွန့်ခွါကာ ထိုင်းနိုင်ငံ အတွင်းသို့ ထွက်ပြေး ဝင်ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
KNU/KNLA တပ်မဟာ ၄ ရဲ့လုပ်ငန်းတွေကို နှောင့်ယှက်မှု ပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်ကျန် တပ်စခန်းတွေကို လည်း ခရိုင်/တပ်မဟာ ခေါင်းဆောင်တွေရဲ့ စီမံညွှန်ကြားမှုနဲ့ ဆက်လက် တိုက်ခိုက် ရှင်းလင်းသွားမယ်လို့ KNLA တပ်ရင်း ၂၇ တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး စောမူးဂေက ပြောပါတယ်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်နေ့ကလည်း KNU တပ်မဟာ ၄ နယ်မြေအတွင်း နှစ်ပေါင်း ၂၆ နှစ် ကျော်ကြာ လာရောက်အခြေချ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ထူးလယ်စစ်စခန်းကို KNLAနဲ့ PDF ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဓာတ်ပုံ - မောထစစ်စခန်းမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းများ (ရင်းမြစ်။ KNU?KNLA)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။