ထားဝယ် အရှေ့တောဒေသမှာ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းနဲ့ KNLA/PDF ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲအတွင်း လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေ တင်ဆောင်လာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၁၇ စီးအနက်မှ ၅ စီး ထိခိုက်ပျက်စီးကာ ၇ စီးကို သိမ်းပိုက်ရရှိခဲ့တယ်လို့ KNLA စစ်သတင်းရင်းမြစ်က ပြောပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်သား အင်အား ၃၀၀ ကျော် လိုက်ပါလာပြီး လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေ တင်ဆောင်လာတဲ့ စစ်ကား ၁၇ စီးပါ စစ်ယာဉ်တန်းကို KNLAနဲ့ PDF ပူးပေါင်းတပ်တွေက ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ သင်္ကန်းတုံးရွာနဲ့ ဝကုန်းရွာတွေမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
သင်္ကန်တုန်းရွာကို စစ်ကြောင်းဝင်လာချိန်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့မှာ စတင် ထိတွေ့မှုဖြစ်ပွါးခဲ့ပြီး ဆက်လက်ထွက်ခွါလာတဲ့ အဆိုပါ စစ်ကြောင်းကို ဖေဖော်ဝါရီ ၁၉ ရက်နေ့မှာ ဝကုန်းရွာအနီးမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ထပ်မံ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ယင်းတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီ စစ်ကား ၅ စီး ထိခိုက်ပျက်စီးခဲ့ကာ အကြမ်းဖက် စစ်သား ၁၃ ဦး သေဆုံးခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက် ညနေပိုင်း တိုက်ပွဲ ထပ်မံ ဖြစ်ပွါးချိန်မှာတော့ စစ်ကောင်စီ တပ်ဖွဲ့ထံမှ သေနတ် ၁ လက် ရရှိခဲ့တယ်လို့ KNLA တပ်ရင်း ၂၇ မှ တပ်ရင်းမှူး စောမှူးဂေက ပြောပါတယ်။
ဆက်လက်ပြီး ဖေဖော်ဝါရီလ ၂၁ ရက် မနက်ပိုင်းမှာ ဝကုန်းရွာနဲ့ ကျောက်မဲတောင်ရွာ ကြားမှာ တိုက်ပွဲ ပြန်လည် ဖြစ်ပွါးခဲ့ပြီး ယင်းနေ့ ညနေပိုင်းမှာ အကြမ်းဖက် စစ်ကောင်စီ တပ်များ အထိအခိုက် အကျအဆုံးများခဲ့တယ်လို့ သိရပါတယ်။
ယင်းတိုက်ပွဲမှာ စစ်ကောင်စီ စစ်သား ၃၀ ကျော် သေဆုံးနိုင်ပြီး လက်ရှိမှာ အကြမ်းဖက် စစ်သားရုပ်အလောင်း ၂၃ လောင်း ရရှိထားတဲ့အပြင် စစ်ကား ၇ စီးနဲ့ လက်နက်မျိုးစုံ ၃၄ လက် သိမ်းဆည်းရမိခဲ့တယ်လို့ KNLA သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲမှာ KNLA/PDF ပူးပေါင်းတပ်ဖွဲ့တွေဘက်မှာလည်း ရဲဘော် ၆ ဦး တိုင်းပြည်အတွက် အသက်ပေးလှူခဲ့ရပြီး သေနတ် ၇ လက်လည်း ဆုံးရှုံးခဲ့ရတယ်လို့ တပ်ရင်းမှူး စောမှူးဂေက ပြောပြပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။