အကြမ်းဖက် စစ်ကောင်စီနဲ့ ရေကြောင်း တိုက်ပွဲ သတင်း
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဖြစ်ပွါးခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီနဲ့ ရေကြောင်း တိုက်ပွဲတွေမှာ ရန်သူ စစ်သင်္ဘောတွေကို ရက္ခိုင့်တပ်တော် အထူးတိုက်ခိုက်ရေးတပ်ဖွဲ့က ဗျူဟာမြောက် တိုက်ခိုက်ထားနိုင်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘော (၂) စီးနဲ့ ဇက်သင်္ဘော (၁) စီးတို့ကို ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာ အနီးမှာ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာအပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့ပြီး အဆိုပါ သင်္ဘော (၃) စီးလုံးကို ရေထဲနစ်မြုပ်အောင် ပြုလုပ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ဒါ့အပြင် ၎င်းသင်္ဘော (၃) စီးကို ကယ်တင်ဖို့ ထပ်မံ လာခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အခြား စစ်သင်္ဘော (၄) စီးကိုလည်း အနားကပ်၍ မရနိုင်အောင် လမ်းခုလတ်မှာပင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နောက်ဆုံးရရှိတဲ့ နောက်ဆက်တွဲ တိုက်ပွဲသတင်းတွေအရ ရေထဲနစ်မြုပ်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သင်္ဘော (၃) စီးအပြင် နောက်ထပ် အထိနာခဲ့တဲ့ စစ်သင်္ဘော (၄) စီးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရေကြောင်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီက လေကြောင်းမှ ရဟတ်ယာဉ်တွေ၊ ဒရော့ဗုံးတွေနဲ့ မရပ်မနား တောက်လျှောက် တိုက်ခိုက်နေခဲ့တဲ့ကြားကနေ စစ်သင်္ဘောများကို ရက္ခိုင့်တပ်တော် AA က အပြတ်အသတ် တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရက္ခိုင့်တပ်တော်ရဲ့ သမိုင်းမှာ ဖေဖော်ဝါရီလ (၈) ရက်နေ့ဟာ အာရက္ခ ရေပြင်ထက်မှာ ရန်သူ အကြမ်းဖက် စစ်ကောင်စီ စစ်သင်္ဘောတွေကို အလဲထိုးပြီး အောင်ပွဲ ရယူနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။
ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ရေကြောင်းတိုက်ပွဲမှာ ရက္ခိုင့်တပ်တော် AA ရဲ့ ဗျူဟာမြောက် တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘော (၃) စီးလုံး ချက်ကောင်းထိကာ အထိနာခဲ့ပြီး သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ခါနီး အချိန်မှာ ရက္ခိုင့်တပ်တော် AA က လက်နက်ချ အညံ့ခံဖို့နဲ့ အလံဖြူ ထောင်ဖို့ လော်စပီကာများနဲ့ (၃) ကြိမ်တိုင်တိုင် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
ယင်းသို့ ပြောကြားခဲ့သော်လည်း နားထောင်ခြင်း မရှိဘဲ ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက တန်ပြန် ခုခံတိုက်ခိုက်ခဲ့တဲ့အပြင် လေကြောင်းမှ ဒရော့ဗုံးများနဲ့ အပြင်းအထန် ခုခံကာကွယ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော် AA က အဆိုပါ သင်္ဘော (၃) စီးပေါ်မှာ လိုက်ပါလာသူတွေကို အသက်ချမ်းသာရာ ရရှိစေမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန်နာရီဝက် (မိနစ် ၃၀) ထပ်ပေးခဲ့ပေမယ့် ရန်သူ အကြမ်းဖက် စစ်ကောင်စီ ဘက်တော်သားများက AA တပ်ဖွဲ့ဝင်များကို ဒရော့ဗုံးများနဲ့ စုပြုံပစ်ခတ်ကာ တိုက်ခိုက်နေခဲ့တာကြောင့် AA တပ်ဖွဲ့ဝင် (၁၀) ဦးကျော် ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူ အချို့ရှိခဲ့တယ်လို့ သိရပါတယ်။
ရက္ခိုင့်တပ်တော် AA က လက်နက်ချ အညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့ပါက သင်္ဘောပေါ် ပါလာသူများအနေနဲ့ အသက်ချမ်းသာခွင့် ရရှိကြမယ်လို့ AA က ထုတ်ပြန်ဖော်ပြပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ အသက် မသေဘဲ ရေကူး လွတ်မြောက်လာသူ များစွာတို့ကို ရက္ခိုင့်တပ်တော် AA က ကယ်တင်ထားနိုင်ခဲ့ပြီး ယင်းကဲ့သို့ ကယ်တင်ခဲ့ရာမှာ အာရက္ခ AA စစ်သည်တစ်ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ ရေတပ်စစ်သင်္ဘော (Navy) နဲ့ ဇက်သင်္ဘောတွေဟာ ချီတက်ရာ လမ်းကြောင်း တစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးမှ ကျေးရွာတွေကို စစ်သင်္ဘောများ ပေါ်မှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာ ရည်ရွယ်ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများ ပြုလုပ်လာခဲ့တဲ့ မှတ်တမ်းတွေ ရှိတယ်လို့လည်း AA က ဆိုပါတယ်။
ရက္ခိုင့်တပ်တော် AA အနေနဲ့ ၎င်းတို့ပြည်သူလူထုကို အခုလို နေ့စဉ် သတ်ဖြတ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ ရေတပ်ကို လက်တုံ့ပြန်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။
စစ်သုံ့ပန်းတွေအပေါ် ဂျီနီဗာ ကွန်ဗင်းရှင်းနဲ့ အညီ စောင့်ရှောက်ထိန်းသိမ်းထား
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ကနေ စတင်ခဲ့တဲ့ ရက္ခိုင်နဲ့ ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်များ အောက်မှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်ကောင်စီ စစ်သားများနဲ့ မိသားစုဝင်များကို ကောင်းစွာ လက်ခံပြီး ကောင်းစွာ ကျွေးမွေးထားတာကို စစ်သုံ့ပန်းများနဲ့ ၎င်းတို့ရဲ့ မိသားစုဝင်တွေ အားလုံး အသိပင် ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် AA က ဆိုပါတယ်။
ရက္ခိုင်နဲ့ ပလက်ဝဒေသအတွင်း ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ထိုးစစ် မစမီကပင် ရက္ခိုင့်တပ်တော် AA က အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်စခန်းတိုင်းကို လက်နက်ချ အညံ့ခံဖို့ အကြောင်းကြားလေ့ ရှိပြီး ယင်းကဲ့သို့ လက်နက်ချ အညံ့ခံဖို့ ထုတ်ပြန်ချက်တွေကိုလည်း အကြိမ်ကြိမ် ထုတ်ပြန်ထားပြီး ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လက်နက်ချ အညံ့ခံသူတွေ၊ အလံဖြူ ထောင်သူတွေနဲ့ စစ်အတွင်း ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်းတွေကို ရက္ခိုင့်တပ်တော် AA အနေနဲ့ နိုင်ငံတကာ ဥပဒေ၊ ဂျီနီဗာ ကွန်ဗင်းရှင်းအတိုင်း အသက်ချမ်းသာရာ ပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ကာ ၎င်းတို့ရဲ့ ဆန္ဒအတိုင်း အလေးထား ဆောင်ရွက်ပေးနေတယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်သုံ့ပန်းများအပေါ် သဘောထားမှာ ယခင်ကတည်းက ယခုကဲ့သို့ စောင့်ရှောက်ထိန်းသိမ်းထားခဲ့တာလို့လည်း ဆက်လက် ပြောဆိုပါတယ်။
လက်နက်ချ အညံ့ခံဖို့ ပြောကြားထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်စခန်းတွေအနေနဲ့ အချိန်မီ လက်နက်ချ အညံ့ခံဖို့ ထပ်မံ အသိပေးထားပြီး လက်နက်မချ အညံ့မခံသေးတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်စခန်းတိုင်းကိုလည်း ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဖော်ပြပါတယ်။
ဓာတ်ပုံ - ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာ အနီးမှာ ရက္ခိုင့်တပ်တော်မှ ဗျူဟာမြောက် တိုက်ခိုက်ခဲ့ပြီးနောက် တွေ့ရတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်သင်္ဘော (၂) စီးနဲ့ဇက်သင်္ဘော (၁) စီး။ (AA Info Desk)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။