Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

ရှားတောမြို့ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းကုန်းတွေနှင့် ဗျူဟာကုန်းကို ကရင်နီ တော်လှန်ရေးတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

​ကရင်နီပြည်နယ်၊ ရှားတောမြို့ ပတ်ဝန်းကျင်မှာ အခိုင်အမာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ စခန်းကုန်းတွေနဲ့ ဗျူဟာကုန်းတို့ကို ကရင်နီ တော်လှန်ရေး အင်အားစုတွေ ဖြစ်တဲ့ KA၊ KNDF နဲ့ Loikaw PDF တို့ တစ်လနီးပါးကြာ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်ရရှိခဲ့တယ်လို့ KNDF ဗဟို သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။


​ရှားတောမြို့အဝင် စေတီကုန်းပေါ်ရှိ အကြမ်းဖက် စစ်ကောင်စီ ခမရ(၄၈၂)တပ်မှ ရှေ့တန်း ဗျူဟာကုန်းစခန်းကို ဝန်းရံထားတဲ့ ကာကင်းစခန်းကုန်းတွေ ဖြစ်တဲ့ အန္တရာယ်ကွေ့ စခန်းကုန်း ၂ ကုန်းကို ကရင်နီ တော်လှန်ရေး အင်အားစုတွေက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက်နေ့မှာ စတင် ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အပြီးသတ် သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။


​အလားတူ ရှားတောမြို့အဝင်ရှိ အကြမ်းဖက် စစ်ကောင်စီ ဗျူဟာကုန်းအရှေ့ရှိ ကာကင်းများကိုလည်း ဆက်လက် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ(၂၁)ရက်နေ့မှာ ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဗျူဟာကုန်းစခန်းကို ဝန်းရံပိတ်ဆို့ထားနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။


အဆိုပါ ဗျူဟာကုန်းရှိ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေဟာ ၎င်းတို့ရဲ့ စခန်းဘန်ကာတွေနဲ့ ဘုရားစေတီ ဂူပေါက်တွေ အတွင်းမှာ ခိုအောင်းကာ အခိုင်အမာ ခံစစ်ပြင်၍ တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


​ယင်းဗျူဟာကုန်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ဝန်းရံပိတ်ဆို့ထားစဉ် အကြမ်းဖက် စစ်ကောင်စီ စစ်သားများကို ချေမှုန်းတိုက်ခိုက်ခြင်း မလုပ်သေးဘဲ ပြည်သူ့ဘက်သို့ ဘက်ပြောင်း ခိုလှုံကြဖို့နဲ့ လက်နက်ချကာ အသက်ရှင်ခွင့်အား ရယူကြဖို့ အကြိမ်ကြိမ် ကမ်းလှမ်းဖိတ်ခေါ်ခဲ့ပေမယ့် အကြမ်းဖက် စစ်ကောင်စီ စစ်သားများက ခံစစ်ပြင်၍ ဆက်လက် တင်းခံနေခဲ့တယ်လို့ ဆိုပါတယ်။
​ယင်းသို့ ဗျူဟာကုန်းကို စဉ်ဆက်မပြတ် ပိတ်ဆို့ထားချိန်အတွင်း အကြမ်းဖက် စစ်ကောင်စီ ခလရ ၂၄၉ တပ်ရင်းမှ အင်အား ၇၀ ကျော်ခန့်ကို ရဟတ်ယာဉ် ၃ စီးနဲ့ သယ်ဆောင်ကာဖေဖော်ဝါရီလ ၄ ရက်နေ့မှာ စစ်ကူ ပို့ဆောင်လာခဲ့ပါတယ်။


အဆိုပါ စစ်ကူစစ်ကြောင်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ဖေဖော်ဝါရီ ၅ ရက်နေ့မှာ အပြီးသတ် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။
​ဆက်လက်ပြီး ဝန်းရံပိတ်ဆို့ ထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ဗျူဟာကုန်းစခန်းရှိ စစ်သားများကို လက်နက်ချ၍ ဘက်ပြောင်းခိုလှုံရန် အကြိမ်ကြိမ် ထပ်မံ ဖိတ်ခေါ်ခဲ့သော်လည်း လက်မခံခဲ့တာကြောင့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မနက် ၅ နာရီခွဲ အချိန်မှာ စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ယင်းနေ့ မနက် ၈ နာရီခွဲ အချိန်မှာ ဗျူဟာစခန်းကုန်းကို အပြီးသတ် ချေမှုန်း သိမ်းပိုက်နိုင်ခဲ့ပြီး ရှားတောမြို့ကို ကရင်နီ တော်လှန်ရေး အင်အားစုများက အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ရှားတောမြို့အတွင်း တပ်ချ နေရာယူ၍ ပြည်သူလူထုကို ဒုက္ခအမျိုးမျိုး ပေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ ခမရ ၄၂၈၊ ခလရ ၂၄၉ နဲ့ ထောက်ပို့တပ်၊ စစ်အင်ဂျင်နီယာတပ်နဲ့ ရဲတပ်ဖွဲ့များ အားလုံးကို ဇန်နဝါရီ ၁၅ ရက်နေ့မှ စတင် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်မှ ဗိုလ်မှူးကြီး၊ ဒု-ဗိုလ်မှူးကြီး၊ ဗိုလ်မှူးနဲ့ ဒု-ရဲမှူးများ အပါအဝင် စစ်သား ၁၆၀ ကျော်ကို ချေမှုန်း သုတ်သင်နိုင်ခဲ့ပြီး စစ်သုံ့ပန်း အချို့ကိုလည်း ဖမ်းဆီး ရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


​ရှားတောမြို့ အပြီးသတ် သိမ်းယူနိုင်ရန် တစ်လတာ နီးပါးကြာမြင့်အောင် တိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲများအတွင်း အကြးဖက် စစ်တပ်ထံမှ လက်နက်ငယ် ၁၂၈ လက်၊ လက်နက်ကြီးမျိုးစုံ ၁၈ လက်၊ Smoke Gun ၃ လက်၊ Jammer Gun ၁ လက်၊ ဆက်သွယ်ရေးစက်များ၊ ခဲယမ်းကျည်ဆံများနဲ့ အခြား အသုံးအဆောင် ပစ္စည်းများကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်များက သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။


​အဆိုပါ ရှားတောမြို့သိမ်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်ကောင်စီဖက်မှ တိုက်လေယာဉ်၊ ဂျက်ဖိုက်တာ၊ Y12 Drop များဖြင့် ၂၀၅ ကြိမ်ကျော် လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ပါသည်။
​ရှားတောမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းများကို တိုက်ခိုက် သိမ်းပိုက်စဉ် KNDF မှ ရဲဘော် ၃ ဦး အပါအဝင် အခြားတပ်ဖွဲ့မှ ရဲဘော်အချို့ တိုင်းပြည်နဲ့ လူမျိုးအတွက် အသက်ပေးလှူခဲ့ရပြီး ကျဆုံး ရဲဘော်များကို အာဇာနည် သူရဲကောင်းများအဖြစ် အစဉ်အမြဲလေးစား မှတ်တမ်းတင် ထားမယ်လို့ KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက သတင်းထုတ်ပြန်ပါတယ်။


​လက်ရှိအချိန်မှာ ရှားတောမြို့ကို ကရင်နီ တော်လှန်ရေး တပ်ဖွဲ့များက အပြည့်အဝ ထိန်းချုပ် ထားနိုင်ပြီ ဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အနေဖြင့် လူတစ်စု ကောင်းစားရေး အတွက် အာဏာရှင်တွေရဲ့ အထောက်အပံ့များအဖြစ် ရပ်တည်ခြင်း မပြုဘဲ ပြည်သူ့ဘက်သို့ ယုံကြည် ရဲဝင့်စွာ ရပ်တည်ကာ ဘက်ပြောင်းခိုလှုံကြဖို့လည်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနက တိုက်တွန်းထားပါတယ်။

 

ဓာတ်ပုံ - ရှားတောမြို့ တိုက်ပွဲများအတွင်း စစ်ကောင်စီထံမှ သိမ်းဆည်း ရရှိတဲ့ လက်နက်ခဲယမ်းများ (KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာန)
~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။