စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ မိုးတားလေးရွာအတွင်း PDF တပ်ဖွဲ့ဝင်တွေ နယ်မြေရှင်းလင်းရေး လုပ်နေစဉ် အကြမ်းဖက်စစ်တပ်က ဂျက်လေယာဉ်နဲ့ ပေါင် (၅၀၀)ဗုံးကြဲချခဲ့ရာ ၁ဦးကျဆုံးပြီး (၄)ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။
ဒီဇင်ဘာ (၂၆)ရက်၊ နေ့ခင်း (၁၂)နာရီလောက်မှာ ဂျက်လေယာဉ်နဲ့ ကြဲချလိုက်တဲ့ဗုံးဟာ မိုးတားလေးရဲစခန်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး မြို့လှ KPDF တပ်စုမှူးကြယ်လေး ကျဆုံးခဲ့ပြီး၊ တပ်စိတ်မှူး ကျားပျံမှာ ပေါင်ပြတ်ထွက် ဒဏ်ရာရရှိခဲ့ကာ အခြား (၃)ဦးမှာ မစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့ကြောင်း မြို့လှ KPDF တပ်ဖွဲ့ဝင်တစ်ဦးထံက သိရတယ်လို့ ဒေသတွင်းမီဒီယာ Kachinwaves က ဖော်ပြပါတယ်။
မြို့လှ KPDF တပ်ဖွဲ့က မိုးတားလေးကျေးရွာအတွင်း နယ်မြေရှင်းလင်းရေး သွားရောက် လုပ်ဆောင်စဉ် သူတို့စခန်းချတဲ့ အဆောက်အအုံ ဗုံးကြဲခံရခြင်း ဖြစ်ကြောင်း သိရပါတယ်။
“PDF တွေ မပေါ့ကြဖို့လိုတယ်။ ဒလန်တွေရှိနေတယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပဲ။ ဒလန်က သတင်းပေးလို့သာ အခုလို အတိအကျကြီးဗုံးကြဲနိုင်တာပါ” လို့ ကသာမြို့နေ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။
ဗုံးကြဲခဲ့တဲ့ အဲဒီဂျက်လေယာဉ်ဟာ မိုးတားလေးရွာနဲ့ (၃)မိုင်အကွာရှိ ကျွန်းတောရွာကိုလည်း ပစ်ခတ်ဗုံးကြဲ သွားသေးကြောင်း Kachinwaves က ဖော်ပြပါတယ်။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။