KNU တပ်မဟာ ၆ နယ်မြေ ကြာအင်းဆိပ်ကြီးမြို့ပေါ်ကနေ ချောင်းနှစ်ခွဘက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အင်အား ၈၀ ဝန်းကျင်ရှိတဲ့ စစ်ကြောင်းနဲ့ KNU/ KNLA တော်လှန်ရေး ပူးပေါင်းတပ်တွေ အောက်တိုဘာလ ၁၂ ရက်နေ့ မနက်ပိုင်းနဲ့ ညပိုင်းတွေမှာ တစ်ရက်တည်း ၂ ကြိမ် ထိတွေမှု ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှာ ခလရ ၄၃၂၊ ခလရ ၅၆၁ နဲ့ ခမရ ၃၅၈ တပ်ရင်း ၃ ရင်း စုပေါင်းစပ်ပေါင်းလုပ်ပြီး ဗိုလ်မှူးအဆင့်ရှိတဲ့ အောင်နိုင်လင်းဆိုသူ ဦးစီးပြီး စစ်ကြောင်းထိုးလာတာ ဖြစ်ပြီး KNLA ဦးစီးကာ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)နဲ့ ပုဏ္ဏက တော်လှန်ရေး တပ်ဖွဲ့တွေက အောက်တိုဘာ ၁၂ ရက် မနက် ၈ နာရီ ၅ မိနစ်ဝန်းကျင်မှာ ဒါလီချောင်းတံတားနားမှာ ခြုံခိုတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“တိုက်ပွဲဖြစ်ချိန်က ၅ မိနစ်လောက်ပဲ ကြာတယ်။ ကျနော်တို့က လက်ဦးမှုယူပြီး ခြုံခိုတိုက်ခိုက်ခဲ့တာပါ။ မြေပြင်သတင်းအရတော့ ဒဏ်ရာရသူ ၄ ဦး ၅ ဦးလောက်ကို လူနာတင်ကားနဲ့ ပို့လိုက်ရတယ်လို့ ကျနော်တို့ ပြန်သိရပါတယ်”လို့ KNU စစ်ရေးသတင်းရင်းမြစ်ထံကနေ သိရပါတယ်။
“စစ်တပ်ဘက်က စစ်ကြောင်းထိုးလာတာ ဆိုပေမယ့် တကယ်ကတော့ ရှေ့တန်းရောက်နေတဲ့ စစ်သားတွေကို အချိန်းအပြောင်းလာလုပ်တာပါ။ ရှေ့တန်းစခန်းမှာ နေရသူတွေက မပြန်ရတာ နှစ်နဲ့ ချီနေပြီလေ။ အဲ့ဒါ အရင်လို လူလာလဲဖို့က မလွယ်တော့ဘူးလေ။ ဒါကြောင့် စစ်ကြောင်းလိုက် တက်လာပြီး စစ်ကြောင်းလိုက် ပြန်ဆင်းသွားတာပါ။ လမ်းတလျှောက် ထိတွေ့မှု ဖြစ်တာတော့ အများကြီးပါပဲ” လို့ KNU စစ်ရေးသတင်းရင်းမြစ်ဆီက သိရပါတယ်။
မနက်ပိုင်း ဖြတ်တောက်တိုက်ခိုက်မှုမှာ KNLA ဦးစီးပြီး အထူးစစ်ဆင်ရေးတပ်ဖွဲ့ SOF တပ်ဖွဲ့နဲ့ ပုဏ္ဏကတော်လှန်ရေးတပ်ဖွဲ့ ရဲဘော်တွေ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အလားတူ ညနေပိုင်း ၄ နာရီဝန်းကျင်ကနေစပြီး ညပိုင်း ၈ နာရီလောက်အထိ နောက်ထပ် ထိတွေ့မှု ထပ်ဖြစ်ပွါးခဲ့တယ်လို့ သိရပါတယ်။
ဒီထိတွေ့တိုက်ခိုက်မှုမှာတော့ KNLA နဲ့တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ့နဲ့ အချိန် သုံးလေးနာရီကြာလောက်အထိ ထိတွေ့မှု ဖြစ်နေပြီး အကြမ်းဖက် စစ်ကြောင်း ရှေ့မတိုးနိုင် ဖြစ်ခဲ့ကာ ည ၂ နာရီလောက်မှာမှ မိုးရွာသွန်းမှုကို အခွင့်ကောင်းယူပြီး ဖောက်ထွက်သွားနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ထိခိုက်သေဆုံးတာ၊ ဒဏ်ရာ ရတာတွေတော့ ရှိနိုင်တယ်။ ကျနော်တို့ စုံစမ်းရတော့ ခက်တယ်။ လူနာတွေကို ကားနဲ့ သပ်သပ်တင်ပို့ရတာမျိုးတွေတော့ ကျနော်တို့ သတင်းပြန်ရတာ ရှိပါတယ်” လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ထိတွေ့မှု ဖြစ်စဉ် နှစ်ခုစလုံးမှာ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေ ထိခိုက်ဒဏ်ရာရမှု မရှိခဲ့ဘူးလို့ သိရပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။