Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အနီရောင်စံပယ်ပန်းများ (Poem)

ဒါ ဘယ်သူ့အိပ်မက်လဲ
ငါသိတယ်ထင်ပါရဲ့

ငါကတော့အိပ်မက်မမက်တာကြာပါပြီ
တိုင်းပြည်မီးလောင်တဲ့အချိန်ကစပြီး
အိပ်မက်တွေကလည်း
ငါ့ကိုမမက်ကြတော့ပါဘူး


ဒါ ဘယ်သူ့အိပ်မက်လဲ
ငါသိတယ်ထင်ပါရဲ့
ဘေရွတ်မှာအိပ်မက်မရှိဘူး
ဘဂ္ဂဒက်မှာအိပ်မက်မရှိဘူး
ဒမတ်စကဒ်မှာအိပ်မက်မရှိဘူး
တီဟီရန်မှာအိပ်မက်မရှိဘူး

ဂျေရုဆလင်မှာအိပ်မက်မရှိဘူး
နေပြည်တော်မှာအိပ်မက်မရှိဘူး
ကမ္ဘာပေါ်မှာအိပ်မက်ရှိတဲ့နေရာနဲ့
အိပ်မက်မရှိတဲ့နေရာ
ဘယ်ဟာကပိုများသလဲ
ငါကတော့အိပ်မက်မမက်တာကြာပါပြီ


တိုင်းပြည်အမှောင်ဖုံးတဲ့အချိန်ကစပြီး
အိပ်မက်တွေကလည်း
ငါ့ကိုမမက်ကြတော့ပါဘူး


ဖြစ်နိုင်မယ်ဆိုရင်
သွေးစိမ်းရှင်ရှင်အိပ်မက်တွေ
ငါမမက်ချင်ပါဘူး
လည်ပင်းမှာကန့်လန့်စိုက်နေတဲ့ဓားရိုးပေါ်
လရောင်ဖြာကျနေတယ်ဆိုတဲ့
အိပ်မက်မျိုးတွေငါမမက်ချင်ဘူး


နေပြည်တော်မာရဝိဇယနဲ့
ခြောက်ကီလိုမီတာအကွာမှာ
ဆော့ခရတ္တိ(စုခရတ္တိ)ရှိတယ်
ငါ သူနဲ့တွေ့ရတယ်ဆိုတဲ့
ချိုမြိန်ဖွယ်အိပ်မက်ပဲမက်ချင်တယ်

 

ခက်တယ်သက်လှယ်ရယ်
ကျည်ဆန်ရာတွေနဲ့စပါးကျီနံရံမှာ
အိပ်မက်မရှိဘူး

ကားကျိတ်သွားတဲ့ကျောပိုးအိတ်ထဲမှာ
အိပ်မက်မရှိဘူး
မီးကျွမ်းကျန်ရစ်တဲ့ဥရူတိုင်ထိပ်မှာ
အိပ်မက်မရှိဘူး


စစ်ကိုင်းလမ်းကစောင့်နေမယ်သူမှာတဲ့
စစ်ကိုင်းလမ်းမှာအိပ်မက်မရှိဘူး
ဂါဇာမှာအိပ်မက်မရှိသလို
လိုင်ဇာမှာလည်းအိပ်မက်မရှိပါဘူး
သခင်ဖိုးလှကြီးတံတားမှာအိပ်မက်မရှိသလို
ဗိုလ်မြတ်ထွန်းတံတားမှာလည်း
အိပ်မက်မရှိပါဘူး


ပုဂံညောင်ဦးမှာအိပ်မက်မရှိသလို
ရခိုင်မြောက်ဦးမှာလည်း
အိပ်မက်မရှိပါဘူး
သောင်ရင်းမှာအိပ်မက်မရှိသလို
သံလွင်မှာလည်းအိပ်မက်မရှိပါဘူး
ခေါနုသုမ်မှာအိပ်မက်မရှိသလို
အင်ခိုင်ဘွမ်မှာလည်းအိပ်မက်မရှိပါဘူး
မြစ်တစ်ရာတောကြီးမှာအိပ်မက်မရှိသလို
သာမိုင်းခမ်းခေမရဋ္ဌ်မှာလည်း
အိပ်မက်မရှိပါဘူး


မရှိတဲ့အိပ်မက်တွေကြားကပဲ
ဒါ ဘယ်သူ့အိပ်မက်လဲ
ငါသိတယ်ထင်ပါရဲ့
ငါကတော့အိပ်မက်မမက်တာကြာပါပြီ


နိုင်ငံတော်ပျောက်ဆုံးသွားကတည်းက
အိပ်မက်တွေကလည်း
ငါ့ကိုမမက်ကြတော့ပါဘူး

ကမ္ဘာမြေကြီးပေါ်မှာ
တချို့အိပ်မက်တွေကရှင်နေပြီး
တချို့အိပ်မက်တွေကသေနေကြတယ်
မသေမရှင်အိပ်မက်တချို့လည်းရှိသပေါ့


ငါအခုမြင်နေရတဲ့ကောင်းကင်ဟာ
ငါအရင်ကမြင်ခဲ့ရတဲ့ကောင်းကင်ပဲလား
ဟိုတုန်းကငါမက်ခဲ့တဲ့အိပ်မက်တွေကကော
ငါတကယ်မမက်ပဲနဲ့ငါ့ကိုလာလာမက်တဲ့
အိပ်မက်တွေမဖြစ်နိုင်ဘူးလား


အရာအားလုံးဟာငြိမ်ငြိမ်သက်သက်ကလေး
ရှိစေချင်ပါပြီဂျိုလီ
ကမ္ဘာကြီးသာကျိန်စာသင့်ပြီး
ဝါရှင်တန် ဒီ၊စီကနေ ပြုံယမ်းအထိ
လစ်စဘွန်းကနေ ဘေဂျင်းအထိ
ဇင်းမယ်ကနေ စိန့်ပီတာစဘတ်အထိ
ဘင်္ဂလားပင်လယ်အော်ကနေ မြေထဲပင်လယ်အထိ
အိပ်မက်ထဲမှာအိပ်မက်ကိုထမ်းပြီး
လမ်းလျှောက်နေလေရဲ့


ကမ္ဘာကြီးသူ့လမ်းသူသွားရင်
ငါလည်းငါ့လမ်းငါသွားတာပဲ
ကောင်းပါတယ်လေဆိုပြီး
မြို့သိမ်းတိုက်ပွဲတစ်ခုမှာကြွေလွင့်သွားရတဲ့
ကြယ်ကလေးတစ်ပွင့်ဟာ
သူ့မိခင့်အိမ်ရှေ့ကစံပယ်ရုံကလေးမှာ
စံပယ်နီတစ်ပွင့်အဖြစ်နဲ့
ခေတ်ကြီးတစ်ခုလုံးစာ
အိပ်ပျော်သွားပါပြီ


ဒါ ဘယ်သူ့အိပ်မက်လဲ
ငါသိတယ်ထင်ပါရဲ့

ငါကတော့ အိပ်မက်မမက်တာကြာပါပြီ။ ။
~~~~

အောင်ဝေး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။