ဖက်ကြမ်းဆေးလိပ် ရဲခနဲဖွာ
ရမ်ခွက်ကို ပက်ခနဲမော့ပြီး
တွယ်ငြိစရာ ဘာမှမရှိတော့ပါဘူးကွာ...လို့ပြောရင်း
အဝေးကို ငေးနေတဲ့မျက်လုံးတွေမှာ
တွယ်ငြိဖူးတဲ့တစ်စုံတစ်ရာကို လွမ်းနေပုံရတယ်
ငါ့ကောင်ရေ....
အမှတ်တရဆိုတာမျိုးက
ပြန်တွေးတိုင်း နာနေရရင်
အနာတရလို့ပဲ ခေါင်းစဥ်တပ်ကြတာပေါ့ ။
ငါတို့ဟာ
ရည်းစားဦးကိုလွမ်းသလိုမျိုး
ဆီစျေးအဟောင်းကို လွမ်းရ
ဆန်စျေးအဟောင်းကို လွမ်းရ
ဒါကြီးမဖြစ်ခင်ကလေ
ဒါကြီးမဖြစ်ခင်ကပေါ့...ဆိုပြီး
အရင်က အခွင့်ရေးအကုန် လွမ်းရ ။
တိုင်းတပါးသားများ
iphone ၁၅ထွက်လို့ တန်းစီနေချိန်မှာ
Supreme ဒီဇိုင်းသစ်ကို တန်းစီနေချိန်မှာ
ငါတို့ဟာ
ကာကွယ်ဆေးထိုးဖို့ တန်းစီရ
passport တန်းစီရ
စက်သုံးဆီ တန်းစီရ
စားသုံးဆီ တန်းစီရ
ဆန်ညိုကြမ်း တန်းစီရ
ငါ့ကောင်ရေ....
ဆေးဝါးရှားတဲ့ခေတ်မှ
အနာရောဂါ ထူပြောလွန်းတယ်ဆိုပြီး
ငါတို့ဟာ မချိမဆန့် ညည်းညူနေရ
ခွေးတွေလို
ကိုယ့်အနာ ကိုယ့်လျှာနဲ့ပြန်ယက်ပြီး
ဂျင်းပြုတ်ရည်နဲ့ ကင်ဆာကိုအန်တုရတဲ့ဘဝ။
သောကကို စက်ဘီးထဲထည့်နင်းရတဲ့ စျေးဗန်းတွေ
နေ့ပြန်တိုးကို ခေါင်းပေါ်ရွက်ထားတဲ့
ဗျက်ထိုးစျေးသည်တွေ
ဗိုလ်တစ်ထောင်ဆိပ်ကမ်းမှာ
ကြွက်ထောင်၊ ကြွက်ဖမ်းစားသူတောင်
ထမင်းဝခဲ့တဲ့ခေတ်ကို လွမ်းတယ်ပြောတဲ့အခါ
မရယ်စမ်းပါနဲ့ ငါ့ကောင်ရ။
ခေတ်ပျက်ကြီးထဲ ဖြစ်ထွန်းသူတွေမြင်တဲ့အခါ
ခေတ်ပျက်လို့ ဘဝပျက်သူတွေမြင်တဲ့အခါ
စားပွဲတစ်ဝိုင်းစာ သိန်းဆယ်ချီရှင်းကြသူတွေ
စားပွဲဝိုင်းပေါ်မှာ ငပိရည်တစ်ခွက်ပဲရှိသူတွေ
ဒီကမ္ဘာမှာ
လိပ်ပြာသန့်တဲ့ ထမင်းဖြူဖြူပူနွေးနွေးဟာ
စားလို့အကောင်းဆုံးဖြစ်သလို
သောကကင်းတဲ့ ခေါင်းအုံးဟာ
အိပ်လို့အကောင်းဆုံးပါ
ဒါပေမယ့်...ငါ့ကောင်ရေ
ငွေမရှိရင် လူမပြောနဲ့
မင်းမွေးထားတဲ့ခွေးတောင်
ပတ်ဝန်းကျင်မှာ မျက်နှာငယ်ရမယ်။
ဒီလိုပါပဲ ငါ့ကောင်ရာ...
ခေတ်တစ်ခု ပျက်ပြီဆို
ခေါင်းကိုက်ပျောက်ဆေး ဝယ်သလိုမျိုး
မူးယစ်ဆေးဝါးဝယ်ရတာ လွယ်လာတယ်
ဒီခေတ်ကြီးထဲ
ကလပ်ကအပြန် အိပ်မပျော်လို့တဲ့
ချေဂွေဗားရား စာအုပ်ကြီး
စူးစူးနစ်နစ် ဖတ်နေတဲ့ ငါ့ဘော်ဒါ
တိရိစ္ဆာန်ချစ်သူများတွေ့ဆုံပွဲကို
သားရေပိုက်ဆံအိတ် အကောင်းစားကြီးနဲ့
ပွဲတက်လာတဲ့ ငါ့သူငယ်ချင်း
ကားလ်မာ့ခ်ဝါဒ ပါးစပ်ကမချတဲ့
အထည်ချုပ်စက်ရုံမန်နေဂျာ
ဘဒ္ဒကမ္ဘာမှာ
ဘုရားတစ်ဆူပွင့်ဖို့ကျန်သေးတာမို့
ချွတ်စရာသတ္တဝါတွေ ချန်ထားမှဖြစ်မယ် ။
ငါ့ကောင်ရေ.....
သမုဒ္ဒရာထဲမှာလည်း
ရေမကူးတတ်တဲ့ ငါးတွေအများကြီးပဲ
ဝမ်းတစ်ထွာမှာ
မင်းရော ငါရော နစ်နေပြီမဟုတ်လား
ငိုဖို့ရာ ကြောက်ရတဲ့ခေတ်မှာ
ရယ်ဖို့ရာ ရှက်ရကောင်းမှန်းသိရင်
အနည်းငယ် လူပီသတာပေါ့
"ဒီကမ္ဘာမှာ
လူ့အဖွဲ့စည်းကို အနွေးဓါတ်ပေးဖို့ရာ
နှလုံးသားထက်သင့်တော်တဲ့ မီးလင်းဖို မရှိပါဘူး ”
˜˜˜˜
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။