အမေနဲ့ဖုန်းပြောတုန်းက
ငါ့သား...
ဘုရားရှိခိုးရဲ့လားမေးတော့
အရှေ့အရပ် ခြေကန်အိပ်နေတဲ့ခြေထောက်ကို
ဒူးလေးအသာကွေးလို့
ဟုတ်ကဲ့...မှန်မှန်ကန်တော့ပါတယ်ပေါ့ ။
ငါ့သား...
အမေထည့်ပေးလိုက်တဲ့ ရေမန်း
မနက်တိုင်းသောက်ဖြစ်ရဲ့လား မေးတော့
ပိုးလောက်လန်းတွေမီးဖွားနေတဲ့
ရေသန့်ဘူးလေးကြည့်ရင်း
ဟုတ်ကဲ့...မှန်မှန်သောက်ပါတယ်ပေါ့။
ငါ့သား ကြာကြာစံရအောင်
အမေကြာဇံကြော်တွေ ဆွမ်းကပ်တယ်တဲ့
အမေရေ
မနေ့ကသေသွားတဲ့ သူငယ်ချင်းဟာ
ပဲကြာဇံကို တစ်နှစ်လောက်စားခဲ့ရသူပါလို့
ပြန်မပြောမိဘူး။
ငါ့သားအတွက် အန္တရာယ်ကင်းအဆောင်ဆိုပြီး
မိုင်းဖုန်းလက်ပတ်ကြိုးတွေ ခဏခဏပို့ပေမယ့်
သူ့သားလက်ကောက်ဝတ်မှာ
သူ့ပြန်မကြိုက်တဲ့ကောင်မလေးရဲ့ခေါင်းစည်းကွင်းလေး
ပတ်ထားတုန်းဆိုတာသိရင်
အမလေး..လူလေးရယ်ဆိုပြီး
ခေါင်းကိုခေါက်ဦးမယ်ထင်တယ်။
အမေရေ...
အမေကသာ ဒိဋ္ဌိလေးအတွက်
ဗေဒင်တွေမေး၊ ယတြာတွေချေနေတာ
အမေ့သားက
ဘုရားပျက်က ထွက်လာတဲ့အုတ်နီခဲကို မီးဖိုလုပ်လို့
ဖွတ်၊ပုတတ်၊ယုန်၊ဖား အကုန်ကင်စားနေတယ်
သို့ပေမယ့်
အမေ့ကိုတော့ ကျနော်ချစ်ပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။