ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်ထဲက အကြမ်းဖက်စစ်တပ်ရဲ့ အောင်ဂျာစခန်းသိမ်းတိုက်ပွဲမှာ စစ်သား အင်အားရာကျော်ကို ချေမှုန်းနိုင်ခဲ့ပြီး PDF တပ်ရင်းတစ်ရင်းစာ လက်နက်တွေ သိမ်းဆည်းရမိခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။
ဒီနေ့(အောက်တိုဘာ ၂၅ ရက်)မှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ‘အောင်ဂျာအောင်ပွဲ’ ခေါင်းစဉ်နဲ့ ရေးသားရာမှာ အဲဒီလို ဖော်ပြထားပါတယ်။
ကျားတက်ထိုးပြီး ဝင်ရောက်သိမ်းယူခဲ့ရတဲ့ စခန်းသိမ်းအောင်ပွဲနေ့က PDFရဲဘော်တွေရဲ့ ရဲစွမ်းသတ္တိကို KIA စစ်ဦးစီးချုပ်/စစ်ဒေသမှူး ဗိုလ်ချုပ်ကြီးခေါင်လွန်းက ချီးကျူးလိုက်ကြောင်းလည်း ဦးရည်မွန် ကဆိုပါတယ်။
“အောင်ဂျာအောင်ပွဲက အရေးကြီးပါတယ်။
PDF တပ်မတော်ပါဝင်ပြီး KIA ဦးဆောင်တဲ့ မဟာမိတ်များရဲ့ အားနဲ့ ရယူခဲ့တဲ့ အောင်ပွဲဖြစ်တယ်။ (ဒီစခန်းသိမ်းအောင်ပွဲမှာ AA CNF ABSDF KNA-BURMA KPDF နဲ့ PDF ရဲဘော်များ ပူးပေါင်းပါဝင်တယ်။) တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ဌာနချုပ်တွေကို ခြိမ်းခြောက်လိုတဲ့ စစ်ကောင်စီရဲ့ အိပ်မက်ကို ရိုက်ချိုးပစ်နိုင်တဲ့ အောင်ပွဲလည်း ဖြစ်တယ်။
တော်လှန်ရေးထုအင်အားနဲ့ ဆင်နွှဲတဲ့ မဟာဗျူဟာထိုးစစ်ရဲ့ ကနဦးခြေလှမ်းလည်း ဖြစ်ပါတယ်”လို့ ဦးရည်မွန်က ပြောပါတယ်။
အဲဒီစစ်တပ်စခန်းကို အောက်တိုဘာ၂၀ ရက်မှာ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့ ပါတယ်။
အဲဒီစခန်းကို သိမ်းပိုက်ပြီး ၃ ရက်အကြာ အောက်တိုဘာ၂၃ ရက်မှာ အောင်ဂျာတပ်စခန်းစစ်မြေပြင်ဆီ ကချင်လွတ်လပ်ရေးအဖွဲ့- KIO ဒုဥက္ကဌ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ရောက်ရှိလာကာ ရဲဘော်တွေကို လာရောက် အားပေးစကားပြောခဲ့ပါတယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။