ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့အနီးရှိ အကြမ်းဖက် စစ်ကောင်စီ စိန်လုံတောင် ဗျူဟာစစ်စခန်းကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက မနေ့က မနက်ပိုင်းမှာ အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ သိရပါတယ်။
ဗန်းမော်-လွယ်ဂျယ် လမ်းတလျှောက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေကို ပြီးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ကစတင်ပြီး KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ဆက်တိုက် ထိုးစစ်ဆင် သိမ်းပိုက်ခဲ့ရာမှာ စိန်လုံတောင် ဗျူဟာစခန်းကို မနေ့က ဧပြီလ ၁ ရက်နေ့ မနက် ၇ နာရီဝန်းကျင်မှာ သိမ်းပိုက်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ စိန်လုံတောင် ဗျူဟာစခန်းမှ အမြောက် လက်နက်ကြီးများ အပါအဝင် လက်နက်ခဲယမ်း အလွန် များပြားစွာ သိမ်းပိုက်ရရှိခဲ့တာကြောင့် ယင်းလက်နက်ခဲယမ်းများကို ကားကြီးတွေနဲ့ အကြိမ်ကြိမ် သယ်ယူနေရတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်ထံမှ သိရပါတယ်။
စိန်လုံတောင် ဗျူဟာစခန်းဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ကြီးမားတဲ့ တပ်စခန်းကြီး တစ်ခုဖြစ်ပြီး စခန်းတွင်းမှာ ရဟတ်ယာဉ် ဆင်းတက်နိုင်တဲ့ကွင်း ပါရှိသလို အမြောက်လက်နက်ကြီးတွေကိုလည်း အများအပြား တပ်ဆင်ထားတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာ ဗန်းမော်-လွယ်ဂျယ်လမ်းနဲ့ လွယ်ဂျယ်မြို့ အနီးဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီ စစ်စခန်း အားလုံးကို KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက် သိမ်းပိုက်ထားနိုင်ပြီ ဖြစ်ကာ မတ်လ ၇ ရက်နေ့မှ စတင်ခဲ့တဲ့ စစ်ဆင်ရေး တစ်လနီးပါး ကြာမြင့်ချိန်မှာ စစ်ကောင်စီ စခန်းပေါင်း ၆၁ ခုကို သိမ်းပိုက် ရရှိထားတယ်လို့ သိရပါတယ်။
ဗန်းမော်-လွယ်ဂျယ်လမ်းမတလျှောက် အပါအဝင် လွယ်ဂျယ်မြို့နဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်ကိုပါ KIA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေက ထိန်းချုပ်ရရှိထားတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ဓာတ်ပုံ - သိမ်းပိုက်ရရှိထားတဲ့ စိန်လုံတောင်ဗျူဟာစခန်းတွင်းရှိ လက်နက်ကြီးများနှင့် ခဲယမ်းများ
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။