Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ခဲ့မှု သက်သေအထောက်အထားများ နိုင်ငံတကာကို ပေးပို့ထား

ကချင်ပြည်နယ်၊ KIA လိုင်ဇာဌာနချုပ်နဲ့ ၂ မိုင်ခန့်သာ ကွာဝေးတဲ့ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက် စစ်ကောင်စီက တိုက်ခိုက်ခဲ့မှုနဲ့ပတ်သက်ပြီး ရရှိထားတဲ့ သက်သေ အထောက်အထားတွေကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ(SAC-M)၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ် အထူးကိုယ်စားလှယ်နဲ့ နိုင်ငံတကာ သံတမန်အချို့ကို ပေးပို့ထားတယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော်(KIA) ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောဆိုကြောင်း Radio Free Asia (RFA) သတင်းမှာ ဖော်ပြပါတယ်။

မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရပြီး နောက်နေ့ မနက်ပိုင်းမှာ  အကြမ်းဖက် စစ်ကောင်စီ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အဆိုပါ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သူတွေကို ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့တဲ့ သတင်းကို KIA က ကြားဖြတ် ဖမ်းယူရရှိခဲ့တာကြောင့် အဆိုပါ သတင်းကိုလည်း နိုင်ငံတကာ သံတမန်တွေကို အသိပေးခဲ့တယ်လို့ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောကြားခဲ့ကြောင်း RFA သတင်းမှာ ဖော်ပြပါတယ်။ 

 

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ သံတမန်တွေကို သတင်းပေးပို့ရာမှာ “ပေါက်ကွဲမှုဖြစ်တဲ့ ဗုံးကျတဲ့ နေရာမှာ စစ်ရေးဆိုင်ရာ ဘာမှ မရှိဘူး”ဆိုတာကို အဓိက ဖော်ပြခဲ့တယ်လို့ ဒုတိယ ဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

ကြားဖြတ်ရရှိတဲ့ သတင်း ဖြစ်တာကြောင့် ခိုင်မာတဲ့ သက်သေ အထောက်အထားအဖြစ် ပြောဆိုဖို့ ခက်ခဲပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်တွင်း ဖရဲသီး သတင်းပေးတွေဆီက ရရှိတဲ့ သတင်းနဲ့လည်း ကိုက်ညီမှု ရှိတယ်လို့ သူက ဆိုပါတယ်။

 

မုန်လိုင်ခက် စစ်ရှောင်စခန်းကို  ဘွမ်ရယ်တောင်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ အမြောက်တပ်ဖွဲ့က တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ယင်းတပ်ဖွဲ့ကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး  ဗိုလ်ချုပ်စိုးလှိုင်က အောက်တိုဘာ ၁၀ ရက်နေ့မှာ ဆုငွေ ချီးမြှင့်ခဲ့တယ်လို့ တပ်တွင်းဖရဲသီးတွေထံမှ သိရှိရတယ်လို့ တော်လှန်ရေး သတင်းရင်းမြစ်တစ်ခုက ငွေမောင်းသံကို အတည်ပြုပါတယ်။ 

တိုက်ခိုက်ခံရမှု ဖြစ်စဉ်ဖြစ်ပွါးပြီး နောက်နေ့ မနက်ပိုင်းမှာ Thazin Oo တယ်လီဂရမ် ချနယ် အပါအဝင် အကြမ်းဖက် စစ်ကောင်စီ လော်ဘီတွေက “မုန်လိုင်ခက် KIA စခန်း ဗုံးကြဲခံရ”ဆိုပြီး ဝမ်းသာအားရ သတင်းဖြန့်ခဲ့ကြပါတယ်။ 

 

နောက်ပိုင်းမှာတော့ အကြမ်းဖက် စစ်ကောင်စီ ပြောခွင့်ရဆိုသူ ဇော်မင်းထွန်းက သူတို့ တိုက်ခိုက်တာ မဟုတ်ဘူးလို့ မီဒီယာတချို့ကို ငြင်းချက်ထုတ်ခဲ့ပါတယ်။

 

အဲ့ဒီနောက်မှာ အကြမ်းဖက် စစ်ကောင်စီ လော်ဘီတွေကလည်း ဒီဖြစ်စဉ်ဟာ စစ်တပ်က ဗုံးကြဲတိုက်ခိုက်လို့ မဟုတ်ဘဲ လက်နက်ဂိုဒေါင် ပေါက်ကွဲတာလို့ ပြန်လည် ပြင်ဆင် ပြောဆိုကြပြီး မူလ ဖြန့်ချိထားတဲ့ သတင်းကို ပြန်လည် ပြင်ဆင်တာ၊ ဖြုတ်ချတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

 

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ ပထမ ကော်မတီ (လက်နက် ဖျက်သိမ်းရေးနှင့် နိုင်ငံတကာ လုံခြုံရေး ကော်မတီ) အစည်းအဝေးမှာလည်း အဆိုပါ စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု ဖြစ်စဉ်နဲ့ပတ်သက်ပြီး မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြခဲ့ပါတယ်။ 

အပြစ်မဲ့ ပြည်သူ ၂၉ ဦး သေဆုံးကာ ၆၀ နီးပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ မုန်လိုင်ခက် စစ်ရှောင်စခန်းအား တိုက်ခိုက်မှုကို အာဆီယံအဖွဲ့ကလည်း ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အောက်တိုဘာ ၁၇ ရက်နေ့ မှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

 

မုန်လိုင်ခက် စစ်ရှောင်စခန်းကို အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီက အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီကျော်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၃ ဦး အပါအဝင် စစ်ဘေးရှောင် ပြည်သူ ၂၉ ဦး သေဆုံးကာ ၅၇ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ်။ 

~~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။