မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်အတွင်း အသစ်ဆောက်လုပ်နေတဲ့ ထောင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ဟာ အဆောက်အအုံတွေ ထိမှန်ပျက်စီးခဲ့ကြောင်း သိရပါတယ်။
မော်လမြိုင်-ကျိုက်မရော ကားလမ်းဘေးမှာ အသစ်ဆောက်နေတဲ့ ထောင်ကို အောက်တိုဘာ (၁၄)ရက်က ဒရုန်းနဲ့ ဗုံး (၃)လုံး ကြဲခဲ့ခြင်းဖြစ်ပြီး အကျဥ်းထောင်ရှိ ဗဟိုကင်းအနောက်ဘက်နဲ့ သုံးထပ်အဆောင်ဗဟိုကင်းအပေါ် သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အမိုး၊ မျက်နှာကျက်နဲ့ မှန်တွေ ပျက်စီးကာ စစ်သားတွေ သေဆုံးထိခိုက်မှုကိုမူ မသိသေးကြောင်း Lion Battalion Commando -ဗျူဟာစစ်ကြောင်း က သတင်းထုတ်ပြန်ပါတယ်။
“အဲထောင်သစ်က မော်လမြိုင်အပိုင် မင်းရွာမှာ ဆောက်နေတာ။ ဆောက်နေတဲ့နေရာမှာလည်း လုံခြုံရေး စစ်သားရော ရဲရော တော်တော်များတယ်။ ဒေသခံတွေပြောတာ ပြန်သိရတာက ထောင်ထဲက အဆောက်အအုံတွေ ပျက်တယ်။လူထိ၊ မထိတော့ မသိရသေးဘူး” လို့ မော်လမြိုင်မြို့ခံတစ်ဦးက ပြောပါတယ်။
လက်ရှိ မော်လမြိုင်ထောင်ထဲမှာ အကျဉ်းသားတွေ များနေတာကြောင့် ခွဲထားဖို့အတွက် ၂၀၂၂ ခုနှစ်က ထောင်သစ်ကို ဆောက်လုပ်နေခြင်းဖြစ်ကြောင်း Lion Battalion Commando -ဗျူဟာစစ်ကြောင်း က ဆိုပါတယ်။
မော်လမြိုင်မြို့မှာ အကျဥ်းထောင် တိုက်ခိုက်ခံရမှုဟာ အခုအကြိမ်ဟာ ပထမဆုံးအကြိမ် ဖြစ်ပြီး လိုအပ်သလို ဒရုန်းစစ်ဆင်ရေးတွေ ဆောင်ရွက်သွားမယ်လို့ Lion Battalion Commando -ဗျူဟာစစ်ကြောင်း က ဆိုပါတယ်။
ဒရုန်းနဲ့တိုက်ခိုက်မှုကို Lion Battalion Commando -ဗျူဟာစစ်ကြောင်း တပ်ခွဲ- ၂ နဲ့ ဂဠုန်စစ်ကြောင်းရဲ့ Drone တပ်ဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
~~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။