အကြမ်းဖက်စစ်အုပ်စုဟာ အစ္စရေးနဲ့ဟားမတ်စ် စစ်ရေးပဋိပက္ခအပေါ် နိုင်ငံတကာက အာရုံစိုက်နေခြင်းကို အခွင့်ကောင်းယူကာ စစ်ရာဇဝတ်တွေ အချိန်ကိုက် ထပ်မံကျူးလွန်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ပြောကြားလိုက်ပါတယ်။
လိုင်ဇာမြို့အနီး မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်ခဲ့မှုနဲ့ ပတ်သက်ပြီး NUG အစိုးရက ကြေညာချက် ထုတ်ပြန်ရာမှာ အဲဒီလို ဖော်ပြထားပါတယ်။
အောက်တိုဘာ (၉)ရက်၊ ည (၁၁)နာရီခွဲလောက်မှာ ကချင်ပြည်နယ်၊ လိုင်ဇာမြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊ လေကြောင်းတို့ တစ်ပြိုင်နက် အသုံးပြုကာ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကနဦးသတင်းတွေအရ စစ်ဘေးရှောင်စခန်းရှိ ကလေး (၁၃)ဦးနဲ့ အမျိုးသမီးတွေ အပါအဝင် ပြည်သူ (၃၀)ထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ (၅၇)ဦး ထက်မနည်းရှိကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်အုပ်စုဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ စစ်ဘေးရှောင်စခန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး အဲဒီလုပ်ရပ်ဟာ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လိုက်ခြင်းဖြစ်ကာ NUG အစိုးရအနေနဲ့ ပြင်းထန်စွာရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။
NUG အစိုးရအနေနဲ့ ကချင်တိုင်းရင်းသားတွေနဲ့အတူ တသားတည်း ရပ်တည် သွားမှာဖြစ်ပြီး ကချင်တိုင်းရင်းသားတို့ရဲ့ ထိခိုက်ဆုံးရှုံးမှုအပေါ် ထပ်တူ နာကျင်ခံစားရကာ ထိခိုက်ဆုံးရှုံးရသူတွေအတွက် တရားမျှတမှု ပြန်လည်ရယူ ပေးနိုင်ရေး အတူတကွ အစွမ်းကုန် ကြိုးစားသွားမယ်လို့လည်း ဆိုပါတယ်။
နိုင်ငံတကာအနေဖြင့် အခုလို အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ကမ္ဘာ့ကုလသမဂ္ဂ ဆုံးဖြတ်ချက်အပိုဒ် ၂၆၆၉ အရ အချိန်နှင့်တစ်ပြေးညီ ပြင်းထန်ထိရောက်စွာ ဟန့်တားအရေးယူပေးဖို့နဲ့ NUG အစိုးရနဲ့အတူ ထိရောက်စွာ ပူးပေါင်း ဆောင်ရွက်ဖို့ အလေးအနက် တောင်းဆိုကြောင်းလည်း ဆိုပါတယ်။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။