မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစု လှုပ်ရှားမှုနည်းတဲ့ မြို့နယ်တွေက ရဲတပ်ဖွဲ့ဝင်တွေဟာ တခြားနေရာတွေဆီ မပြောင်းရွှေ့ရရေးအတွက် ကျပ် (၁၀)သိန်းနဲ့ အထက် လာဘ်ထိုးနေရကြောင်း သိရပါတယ်။
မွန်ပြည်နယ်၊ ချောင်းဆုံ၊ မော်လမြိုင်၊ ပေါင်၊ မုဒုံနဲ့ တခြား PDF တိုက်ခိုက်မှုမရှိတဲ့ မြို့ပေါ်ရဲစခန်းတချို့က ရဲတပ်ဖွဲ့ဝင်တွေဟာ တခြားတစ်နေရာသို့ မပြောင်းရွှေ့ရရေးအတွက် မွန်ပြည်နယ် ရဲတပ်ဖွဲ့ရုံးရှိ တာဝန်ရှိသူတွေကို လာဘ်ထိုးနေရကြောင်း သထုံမြို့ရဲတပ်ဖွဲ့ သတင်းရင်းမြစ်ထံက သိရပါတယ်။
“ချောင်းဆုံ၊ မော်လမြိုင်၊ မုဒုံဆိုရင် လုံးဝအငြိမ်ပဲလေ။ PDF လှုပ်ရှားမှု ရှိကိုမရှိတာ နှစ်နဲ့ချီပြီ။ အဲမှာ တာဝန်ကျနေတဲ့ ရဲတွေနဲ့ တခြား မြို့ပေါ်ရဲစခန်းတချို့ပေါ့။ အဲက ရဲတွေက ကိုယ့်နေရာ မပျောက်ရေးပေါ့။ မော်လမြိုင်ပြည်နယ် ရဲရုံးမှာ နှစ်စဉ်လာဘ်ထိုးနေရတယ်” လို့ သူက ပြောပါတယ်။
မွန်ပြည်နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပေါ်နေတဲ့ ရေး၊ သထုံ၊ ဘီးလင်းနဲ့ ကျိုက်ထိုရဲစခန်းတွေဆီ တာဝန်မကျဖို့ အဓိက ကြိုးစားကြကြောင်း သိရပါတယ်။
“ရိုးရိုးရဲတွေတောင် ၄-၅သိန်းပေးရတယ်။ ဒုရဲအုပ်လောက်ဆို (၁၀)သိန်းကျော်ပဲ။ အဲဒီအတွက် သူတို့ လည်း သူတို့တာဝန်ကျတဲ့ မြို့မှာ လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးရောင်းတာတွေကို လိုင်းကြေးကောက်ပြီး ငွေပြန်ရှာနေကြတယ်။ မပြောင်းချင်ကြတာက နံပါတ်တစ် အသက်မသေရေး၊ နံပါတ်နှစ်က PDF မရှိတဲ့နေရာတွေမှာ ငွေရှာလို့ ပိုကောင်းတာကြောင့် ” လို့ သူက ဆက်ပြောပါတယ်။
ချောင်းဆုံမြို့နယ်အတွင်းရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၂ ခုနှစ်အတွင်းက နိုင်ငံရေးပို့စ် တင်သူများကို စုံစမ်းဖော်ထုတ် ဖမ်းဆီးကာ ငွေညှစ်ခြင်းနည်းနဲ့ ငွေရှာခဲ့ကြပေမဲ့ ၂၀၂၃ ခုနှစ်မှာတော့ နိုင်ငံရေးပို့စ်တင်သူလည်း မရှိသလောက် ရှားသွားတာကြောင့် လောင်းကစားနဲ့ မူးယစ်ဆေးဝါး လိုင်းကြေးနဲ့သာ အဓိကရပ်တည်ကြကြောင်း ချောင်းဆုံမြို့အရှေ့ပိုင်း ရပ်ကွက်နေ ဒေသခံတစ်ဦးက ပြောပါတယ်။
“အရင်က နိုင်ငံရေးပို့စ်တင်တာ မိရင် သိန်း သုံး၊ လေးဆယ်ပဲ။ ပြီးတော့ လောင်းကစားဝိုင်းတွေ အကြီးအကျယ် လုပ်ခွင့်ပေးတယ်။ အရင် ဖံဖနဲ့ ကုလားဘီရွာအစပ်မှာလုပ်တဲ့ လောင်းကစား ဝိုင်းဆို ရဲမပြောနဲ့ ရွာအုပ်ကြီးတွေတောင် ၂ရက် ၁ သိန်း လိုင်းကြေးရတယ်” လို့ သူက ပြောပါတယ်။
မူးယစ်ဆေးဝါး WY စိတ်ကြွဆေးပြားများမှာ မွန်ပြည်နယ်အတွင်း နေရာတိုင်းနီးပါးမှာ အလွယ်တကူရရှိ နေကြောင်း သထုံရဲသတင်းရင်းမြစ်နဲ့ ချောင်းဆုံအရှေ့ပိုင်းသားတို့က ပြောပါတယ်။
~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။