Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

အကျဉ်းထောင်တွင်းက လူ့အခွင့်အရေးဆုံးရှုံးမှု (Human Rights)

အင်းစိန်အကျဉ်းထောင်တွင်းမှာ မတရားပုဒ်မတွေနဲ့ အလုပ်နဲ့ထောင်ဒဏ် ၂၇ နှစ်ကျခံနေရတဲ့ အသက် ၂၁ နှစ်အရွယ် လူငယ်လေး ကိုမင်းဟိန်းခန့် (ခ) အားကျယ်ဟာ နှလုံးရပ်ပြီး (၂၄-၉-၂၀၂၃) ရက်နေ့ညပိုင်းက ကွယ်လွန်ခဲ့ပါတယ်။ ကိုမင်းဟိန်းခန့်ဟာ ရန်ကုန်မြို့ ၄၄ လမ်းမှာဖြစ်ခဲ့တဲ့ တိုက်ပေါ်က ခုန်ချပြီး ပြေးဖို့ကြိုးစားတဲ့ ဖြစ်စဉ်မှာ မသေဘဲ ဖမ်းဆီးခြင်းခံရတဲ့သူ ဖြစ်ပါတယ်။ အဲဒီဖြစ်စဉ်မှာ လူငယ်နှစ်ဦးက ကျဆုံးခဲ့ရပါတယ်။ အခုတော့ ကိုမင်းဟိန်းခန့်ဟာ ထောင်တွင်းမှာ လုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရရှိခဲ့ဘဲ ကျဆုံးခဲ့ရတာပဲ ဖြစ်ပါတယ်။ လူစိတ်ကင်းမဲ့လွန်းတဲ့ အာဏာသိမ်းဖက်ဆစ်အုပ်စုအဖို့ ကျည်ဆန်မကုန်တဲ့ ဒီလိုနည်းလမ်းနဲ့ သေဆုံးကြရလို့ စရိတ်ငြိမ်းတယ်လို့တောင် ဆိုကြမှာပါ။

 

အကျဉ်းထောင်အာဏာပိုင်တွေဟာ အာဏာသိမ်းဖက်ဆစ်အုပ်စုရဲ့ ပင်နယံတစ်လုံး၊ မူလီတစ်လုံး၊ လက်ကိုင်တုတ်တစ်ချောင်းမျှသာပဲ ဖြစ်ပါတယ်။ ဖက်ဆစ်အုပ်စုခိုင်းတာလုပ်ရတဲ့ စေသည့် ကျွန်၊ ထွန်သည့် နွားပါပဲ။ 

 

မြန်မာနိုင်ငံရဲ့ အကျဉ်းထောင်တိုင်းက မတရားဖမ်းဆီးချုပ်နှောင်ခံနေကြရသူ နိုင်ငံရေးအကျဉ်းသားတွေဟာ ပုံသဏ္ဌာန်အမျိုးမျိုးနဲ့ တင်းကြပ်လွန်းတဲ့ အကန့်အသတ်တွေကြားမှာ ရှင်သန်ဖို့ ကြိုးစားနေကြရပါတယ်။ အကျဉ်းထောင်အာဏာပိုင်တွေဟာ အာဏာသိမ်းဖက်ဆစ်အုပ်စုရဲ့ ပင်နယံတစ်လုံး၊ မူလီတစ်လုံး၊ လက်ကိုင်တုတ်တစ်ချောင်းမျှသာပဲ ဖြစ်ပါတယ်။ ဖက်ဆစ်အုပ်စုခိုင်းတာလုပ်ရတဲ့ စေသည့် ကျွန်၊ ထွန်သည့် နွားပါပဲ။ အကျဥ်းသားအခွင့်အရေးကို စောင့်ရှောက်တဲ့ ဥပဒေဆိုတာ ထောင်တွင်းမှာ မရှိပါဘူး။ ဖက်ဆစ်တွေရဲ့ တစ်သွေးတစ်သံတစ်မိန့်ပဲ ရှိပါတယ်။ ပခုံးပေါ်မှာ သုံးပွင့်တင်ထားတဲ့ အကျဥ်းထောင်ဝန်ထမ်း ဦးစီးအရာရှိလောက်ကနေ အထက် ဝန်ထမ်းအများစုဟာ တပ်ကနေ အသွင်ပြောင်းလာသူတွေချည်း ဖြစ်ကြပါတယ်။ လက်နက်ကိုင်ကော လက်နက်မကိုင်တဲ့သူကော ဝန်ထမ်းအားလုံးဟာ အာဏာရှင်ဖက်ဆစ်အုပ်စုအောက်က ရုပ်သေးရုပ်တွေပါပဲ။

 

ထောင်တွင်းသေဆုံးမှု၊ ကျန်းမာရေးအရေးပေါ်ဖြစ်မှု၊ ခြိမ်းခြောက်အကြပ်ကိုင်မှုတွေနဲ့ ပတ်သက်ပြီး ကြုံခဲ့ဖူးခဲ့တဲ့ အင်းစိန်ထောင် (သီးသန့်ဆောင်) ရဲ့ အဖြစ်အပျက်တချို့ကို ပြန်ဖောက်သယ်ချချင်ပါတယ်။

 

ထောင်ထဲ၌ ညဥ့်အချိန်မျိုးမှာ ကျန်းမာရေးကိစ္စကြောင့် အရေးပေါ်ပြီဆိုရင် အဆင့်ဆင့် သတင်းပို့ရပါတယ်။ နှလုံးဖောက်လို့ အသက်ရှုပဲ ကျပ်ကျပ်၊ လေဖြတ်လို့ သေအံ့မူးမူးပဲ ဖြစ်ဖြစ် အဆင့်ဆင့်သတင်းပို့ချက်ကို ငုတ်တုပ်ထိုင်စောင့်ရုံကလွဲလို့ အခြား မျှော်လင့်စရာ ဘာမျှမရှိပါဘူး။ အသက်အန္တရာယ်နဲ့နီးတဲ့ ဒုက္ခဝေဒနာတစ်စုံတစ်ရာ ကြုံရပြီဆိုရင် ပထမဆုံး အခန်းလူကြီးလို့ခေါ်တဲ့ တန်းစီးကို အသိပေးအကြောင်းကြားရပါတယ်။ ဒီတော့မှ တန်းစီးက အစောင့်ကင်း၊ သို့မဟုတ် အဆောင်မှူး ကြားနိုင်လောက်အောင် "အရေးပေါ်" လို့ အသံပြုရပါတယ်။ ဒီအခါ အဆောင်မှူးက အရေးပေါ်ဖြစ်တဲ့အခန်းကို ရောက်လာပြီး သတင်းယူ အခြေအနေကြည့်ပြီး အိပ်ဆောင်အားလုံးရဲ့ ညဂျူတီ တာဝန်မှူးကို ထပ်ဆင့်အကြောင်းကြားရပါတယ်။ တာဝန်မှူးကနေမှ ဆရာဝန်ဆီခေါ်သွားမယ်၊ ဆရာဝန်က စစ်ဆေးစမ်းသပ်ပြီး သူ့ကုသမှုနဲ့ အဆင်ပြေရင်ပြေ၊ မပြေသေးဘူးယူဆလို့ ထောင်ဆေးရုံတင်ရမယ်ဆိုရင် ဆေးရုံတင်ဖို့ ဆက်လက်ဆောင်ရွက်ရတယ်။ အဲဒီအခါ ဆေးရုံကားအလာကို လည်ပင်းရှည်အောင် မျှော်ရပါတယ်။

 

ဆရာဝန်ကလည်း သီးခြား ထောင်ဆရာဝန်အဖြစ် ခန့်အပ်ထားတဲ့သူ မဟုတ်ပါဘူး။ ထောင်ကျထဲကပါပဲ။ စီဒီအမ်ထားလို့ အဖမ်းခံရပြီး ထောင်ကျနေတဲ့ စစ်/ဆေးက ဆရာဝန်ဖြစ်ပါတယ်။

 

ဆိုတော့ "အရေးပေါ်" လို့ တန်းစီးက စအော်ခေါ်လိုက်လို့ လူနာကို ချက်ချင်း လာခေါ်သွားပေမဲ့ လူနာဟာ ဆေးခန်းမှာ ဆရာဝန်အလာကို ဒီအတိုင်းပဲ ထိုင်စောင့်နေရပါတယ်။ ကျန်ခဲ့တဲ့ လူမမာရဲ့ အခန်းဖော်တွေကတော့ လာခေါ်သွားတာနဲ့ ချက်ချင်းပဲ ဆေးခန်းမှာ ဆရာဝန်က အဆင်သင့်ရှိနေပြီး စစ်ဆေးကုသမှု ပြုလုပ်ပေးတယ်လို့ ထင်ကောင်းထင်ကြပေလိမ့်မယ်။ ထိုသို့ မဟုတ်ပါချေ။ တာဝန်ကျ ဆရာဝန်ကို သွားနှိုးခေါ်ရပါသေးတယ်။ တာဝန်ကျဆရာဝန်ဆိုလို့ စကားကြုံလာလို့ ကြားဖြတ်ပြီး ပြောရပါအုံးမယ်။ ဆရာဝန်ကလည်း သီးခြား ထောင်ဆရာဝန်အဖြစ် ခန့်အပ်ထားတဲ့သူ မဟုတ်ပါဘူး။ ထောင်ကျထဲကပါပဲ။ စီဒီအမ်ထားလို့ အဖမ်းခံရပြီး ထောင်ကျနေတဲ့ စစ်/ဆေးက ဆရာဝန်ဖြစ်ပါတယ်။ ဒီတော့ သူကျနေတဲ့ တိုက်ကို သွားခေါ်ရပါသေးတယ်။ 

 

 ပိုက်ဆံမပေးရဘဲ ထောင်ထဲမှာ သက်သောင့်သက်သာနေရဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတဲ့အဖြစ်ပါပဲ။ ကိုနွေဦးဟာ ထောင်ထဲမှာ မသေခဲ့ပေမဲ့ ပြန်လွတ်လာပြီး မကြာခင်မှာ နှလုံးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ပါတယ်။ 

 

စာရေးသူတို့အခန်းထဲမှာ စစ်ကြောရေးမှာကတည်းက အတူဆုံခဲ့ဖူးတဲ့ နှလုံးရောဂါအခံရှိသူ ကိုနွေဦးဆိုသူနဲ့ ရင်းနှီးခဲ့ပါတယ်။ တစ်ညသားမှာ နှလုံးရောဂါအခံရှိတဲ့ ကိုနွေဦးဟာ နှလုံးဖောက်ကာ အသက်ရှူကျပ်လာလို့ အခန်းလူကြီးကို ပြောပြီး အရေးပေါ်ခေါ်ရပါတယ်။ အင်းစိန်ထောင်ထဲရောက်လာပေမဲ့ နေအိမ်နဲ့ အဆက်အသွယ်မရသေးလို့ ပုံမှန်စားနေကျ ဆေးဝါးတွေလည်း သူ့မှာ မပါပါဘူး။ အရေးပေါ် ဆေးခန်းကို ခေါ်သွားပြီး ကုသမှုပြုပေးပါတယ်။ တစ်နာရီ၀န်းကျင်လောက်ရှိတော့ ကိုနွေဦးကို လာပြန်ပို့ပေးပါတယ်။ နှလုံးသွေးကြောကျဉ်းတဲ့သူမို့ သွေးကျဲဆေးလေးပေးရုံလောက်ပါပဲ။ လိုအပ်လို့ အောက်ဆီဂျင်ပေးရမယ်ဆိုရင် ဆေးခန်းမှာ အောက်ဆီဂျင်အိုး မရှိပါဘူး။ အောက်ဆီဂျင် လိုရင်တော့ အောက်ဆီဂျင်အိုးရှိတဲ့ ထောင်မကြီး (Main jail) က ထောင်ဆေးရုံဆီ လူနာကို ပို့ရပါတယ်။ အဲသလို နှလုံးရောဂါသည် ကိုနွေဦးဟာ မကြာခဏဆိုသလို အရေးပေါ်အခြေအနေ ကြုံရပါတယ်။ ဒီအခါ ထောင်မှူး၊ ထောင်ပိုင်တွေက ကိုနွေဦးတစ်ယောက်ကို ငြူစူလာပုံရပါတယ်။ ထောင်ဆေးရုံမှာထားဖို့ ပြောလာပါတယ်။ သည်အခါမှာ ကြားဖူးထားတဲ့သတင်းတွေအရ ထောင်ဆေးရုံမှာ နေရင် တစ်လကို ငွေကြေးဘယ်နှသိန်းပေးရတယ် ဆိုတာမျိုး “ကြေး” ရှိပါတယ်။ ဒီတော့ ပိုက်ဆံ မကုန်ဘဲ ထောင်ဆေးရုံမှာ သွားနေရမယ်ထင်ပြီး ဆေးရုံသွားနေဖို့ ဝိုင်းအကြံပေးဖြစ်ကြတယ်။ နောက်ဆုံးအခေါက်မှာတော့ ကိုနွေဦးကို ထောင်ဆေးရုံဆီ ရွှေ့ပေးလိုက်ကြတယ်။ အမှန်က ထိုသို့ မဟုတ်ပါ။ နှစ်ရက်တန်သည် သုံးရက်တန်သည် ထောင်ဆေးရုံမှာထားပြီး သက်သာသွားလို့ ဆေးရုံက ဆင်းရတဲ့အခါမှာတော့ သီးသန့်ဘက်ကို ပြန်မပို့တော့ပါဘူး။ ထောင်မကြီးက အဆောင်မှာပဲ ထားလိုက်ပါတော့တယ်။ ပိုက်ဆံမပေးရဘဲ ထောင်ထဲမှာ သက်သောင့်သက်သာနေရဖို့ဆိုတာဟာ မဖြစ်နိုင်ဘူးဆိုတာ သိလိုက်ရတဲ့အဖြစ်ပါပဲ။ ကိုနွေဦးဟာ ထောင်ထဲမှာ မသေခဲ့ပေမဲ့ ပြန်လွတ်လာပြီး မကြာခင်မှာ နှလုံးရောဂါနဲ့ပဲ ကွယ်လွန်ခဲ့ပါတယ်။ စစ်ကြောရေးက၊ ထောင်တွင်းက ဒဏ်ရာဒဏ်ချက်တွေရဲ့ နောက်ဆက်တွဲကြောင့်လို့ပဲ ကောက်ချက်ချရမှာ ဖြစ်ပါတယ်။

 

လေဖြတ်ထားတဲ့သူကို ထောင်ဆေးရုံမှာ ပေးမထားပါဘူး။ ပုံမှန်အဆောင်မှာပဲ ထားပါတယ်။ သီးသန့်ထောင်ရဲ့ ဆေးခန်းကို သွားတဲ့အခါ လူ ၄ ယောက် ချီပိုးတွဲသွားရပါတယ်။ မနက်ခင်း အဆောင်ဖွင့်ချိန်မှာ ထိုသူ ညက သေဆုံးသွားပြီဖြစ်ကြောင်းသတင်း သိရပါတယ်။

 

နောက်အဖြစ်အပျက်တစ်ခုက ထောင်ထဲရောက်မှ လေဖြတ်ထားသူတစ်ယောက်ဟာ ၂၀၂၁ ခုနှစ်၊ ဇွန်လရဲ့ ညတစ်ညမှာ သေဆုံးသွားခဲ့တာပါ။ ထိုသူက အသက် ၅၀ ၀န်းကျင်လောက်ရှိပြီး အရပ်အမောင်းကောင်းကောင်းနဲ့ ကျန်းမာတောင့်တင်းတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ နွေဦးကာလ မတ်လဆန်းလောက်မှာ အဖမ်းခံရပြီး ထောင်ထဲရောက်မှ လေဖြတ်သွားတာ ဖြစ်ပါတယ်။ လေဖြတ်ထားတဲ့သူကို ထောင်ဆေးရုံမှာ ပေးမထားပါဘူး။ ပုံမှန်အဆောင်မှာပဲ ထားပါတယ်။ သီးသန့်ထောင်ရဲ့ ဆေးခန်းကို သွားတဲ့အခါ လူ ၄ ယောက် ချီပိုးတွဲသွားရပါတယ်။ မနက်ခင်း အဆောင်ဖွင့်ချိန်မှာ ထိုသူ ညက သေဆုံးသွားပြီဖြစ်ကြောင်းသတင်း သိရပါတယ်။ ညနေအဆောင်ပိတ်ချိန်မှာ အဆောင်မှူးက ထိုသတင်းကို ပြောပြပါတယ်။ ထိုသူမှာ ရောဂါတွေလည်း စုံကြောင်း၊ ၀မ်းမသွားတာလည်း လနဲ့ချီ ကြာပြီဖြစ်ကြောင်း စသဖြင့် ကရုဏာသက်သယောင်လေသံနဲ့ ပြောပြပါတယ်။ တကယ်တမ်းတော့ သူတို့ အကျဉ်းထောင်ဘက်ပိုင်းက တာ၀န်မဟုတ်ကြောင်းကို သွယ်ဝိုက်တဲ့နည်းနဲ့ ဖြေရှင်းချက်ပေးတယ်ဆိုတာကို အားလုံးက သဘောပေါက်ပါတယ်။ အဖြစ်မှန်က ထိုသို့ မဟုတ်ပါ။ သူ့စရိတ်နဲ့သူသွားအောင် ကျည်ဆန်မကုန်စေဘဲ ပစ်ထားလိုက်တဲ့သ​ဘောပါပဲ။

 

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင်းက တစ်တိုင်းပြည်လုံးမှာ ကိုဗစ် ၁၉ ရောဂါ အပြင်းအထန်ဖြစ်ခဲ့သလို အင်းစိန်ထောင်တွင်းမှာလည်း ကိုဗစ် ၁၉ ရောဂါ ဖြစ်ခဲ့ကြပါတယ်။ ရောဂါပြင်းထန်ခဲ့ပြီး အသည်းအသန် ဖြစ်နေချိန်၌ ထောင်တွင်းမှာ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းစွာမရရှိခဲ့လို့ ထောင်တွင်းဆန္ဒပြမှုတွေ ဖြစ်ခဲ့ကြပါသေးတယ်။ သည်တုန်းကလည်း ထောင်တွင်းမှာ မသေသင့်ဘဲ သေဆုံးခဲ့ကြရသူတွေ ရှိခဲ့ပါတယ်။

 

အနိမ့်ဆုံး မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်လောက်မျှပင် မျှော်မရတဲ့ အခြေအနေတွေကြောင့် အကျဉ်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာရရှိ ဖို့ဆိုတာ အလှမ်း‌​ဝေးနေဆဲပါပဲ။ 

 

နိဂုံးချုပ်အနေနဲ့ကတော့ ကျန်းမာရေးစောင့်ရှောက်မှုကဲ့သို့သော လူအခွင့်အရေးဆိုင်ရာလိုအပ်ချက်တွေဟာ တစ်တိုင်းပြည်လုံးတွင် ကျဆင်းဆုံးရှုံးနေချိန်မှာ အကျဉ်းထောင်တွင်း၌ ပိုလို့သာ ဆိုးရွားသော အခြေအနေမှာ ရှိနေတယ်ဆိုတာကို အိုင်စီအာစီလို နိုင်ငံတကာအဖွဲ့အစည်းများက အထူးအလေးထားဂရုပြုစေချင်ကြောင်း ပြောချင်တာပါပဲ။ အနိမ့်ဆုံး မိသားစုနဲ့ ထောင်ဝင်စာတွေ့ခွင့်လောက်မျှပင် မျှော်မရတဲ့ အခြေအနေတွေကြောင့် အကျဉ်းထောင်တွင်းကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာရရှိ ဖို့ဆိုတာ အလှမ်း‌​ဝေးနေဆဲပါပဲ။ ဒီလိုလက်တွေ့အဖြစ်တွေကို လက်ခံရုံမှတစ်ပါး အခြားမရှိနိုင်သေးပါဘူး။ ထောင်ပြောင်းတယ်ဆိုပြီး ဘယ်မှမရောက်ဘဲ အနိစ္စရောက်သွားကြရတဲ့ နိုင်/ကျဉ်းတွေရဲ့ သတင်းတွေကိုတောင် မကြာခဏကြားနေကြရတယ် မဟုတ်ပါလား။

~~~~

ကိုလူမိုး

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။