မကွေးတိုင်း၊ မင်းတုန်းမြို့နယ်အတွင်း စစ်တပ်ပစ်လိုက်တဲ့ လက်နက်ကြီးကျည် စစ်သားတွေရဲ့ ခေါင်းပေါ် ကျရောက်ခဲ့ကာ ၁၅ ဦး ကျော်သေဆုံးကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄)က သတင်းထုတ်ပြန်ပါတယ်။
ဩဂုတ် ၂၃ ရက်၊ မနက်ပိုင်းက မင်းတုန်းမြို့နယ်၊ ကြို့ဝရွာနဲ့ ရွာသစ်ရွာက အကြမ်းဖက် စစ်ကြောင်းနဲ့ PDF တွေ တိုက်ပွဲဖြစ်ပွားစဉ် ကြို့ဝရွာကုန်းထိပ်ဘက်ကနေ ရန်သူ နောက်ချန်အင်အားက လက်နက်ကြီးနဲ့ ပစ်ကူပေးခဲ့ရာ PDFတပ်ဖွဲ့ကိုမထိဘဲ စစ်သားတွေရဲ့ ခေါင်းပေါ်တည့်တည့် ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရပါတယ်။
လက်နက်ကြီး ကျရောက်မှုကြောင့် PDF တွေရဲ့မျက်မြင် စစ်သား ၁၅ ဦးကျော် သေဆုံးပြီး ကြားသတင်းအရ ၅၀ ကျော် သေဆုံးတယ်လို့ သိရကြောင်း သရက်ခရိုင် PDF တပ်ရင်း(၄)က ဆိုပါတယ်။
“ကြားသတင်းဆိုတာက ဒေသခံတချို့ ပြောလို့သိရတယ်။ အဲသတင်းကို ကျနော်တို့ ကွန်ဖန်းမလုပ်နိုင်သေးလို့ မျက်မြင်တွေ့တဲ့ဟာကိုပဲ ထုတ်ပြန်တာ”လို့ သရက်ခရိုင် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။
စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ကို သတင်းအရ PDF တပ်ဖွဲ့တွေက ကြိုတင်စောင့်ဆိုင်းကာ မိုင်းဆွဲပြီး နောက်လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၂ နာရီ၊ မိနစ် ၄၀ လောက် တိုက်ပွဲပြင်းထန်ခဲ့ကာ PDF ရဲဘော်တွေ အထိအခိုက်မရှိကြောင်း သိရပါတယ်။
တိုက်ပွဲအပြီးမှာ အကြမ်းဖက် စစ်တပ်ဟာ ရွာသစ်ရွာထဲသို့ ဝင်သွားကာ ပြည်သူပိုင်ပစ္စည်း တွေကို လုယက်ခဲ့ရုံတင်မက မပြေးနိုင်လို့ ကျန်ခဲ့တဲ့ ရွာသား ၅ ဦးကို ဖမ်းဆီးရိုက်နှက် မေးမြန်းနေကြောင်း သရက်ခရိုင်တပ်ရင်း(၄)က ဆိုပါတယ်။ အဲဒီတိုက်ခိုက်မှုကို သရက်ခရိုင် တပ်ရင်း(၄)၊ ကျောင်းသားလက်ရုံးတပ်တော်(SAF)နဲ့ လွတ်မြောက်ရေးအင်အားစု စစ်သည် တော်များတပ်ဖွဲ့(WOLF)တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။
~~~~~~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။