Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

စစ်သုံ့ပန်းများနှင့် စကားပြောခြင်း အပိုင်း (၁) (Human Rights)

အမှောင်တိုက်ထဲ ပြုတ်ကျသွားသည့်တိုင်းပြည်

ကျနော်တို့ တိုင်းပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်လျှင် ပြော၍ မကုန်နိုင်သော တိုင်းပြည် ဖြစ်သည်။ နှစ်ပေါင်းများစွာ စစ်တပ်၏ ဖိနှိပ်အုပ်ချုပ်ခဲ့မှုဒဏ်၊ ပြည်တွင်းစစ်ဒဏ်၊ ဆင်းရဲမွဲတေမှုဒဏ် စသည့် များစွာသော ဒဏ်ရာ ဒဏ်ချက်များထဲတွင် လူ့အခွင့်အရေးကိစ္စများမှာ အသားမာတက်နေသလားဟုပင် ထင်ရ သည်။ တော်ရုံတန်ရုံကိစ္စကို လူ့အခွင့်အရေး ချိုးဖောက်မှုဟုပင် မမြင်နိုင်ကြတော့။ သည်လို ဖြစ်ရသည့်အပေါ် အံ့ဩစရာတော့ မရှိပါ။ စစ်တပ်၏ ကာလရှည်ကြာ အုပ်ချုပ်မှုအောက်တွင် ကမ္ဘာ့လူ့အခွင့်အရေးကြေညာ စာတမ်းကိုပင် ပေါ်ပေါ်တင်တင် ဝေငှဖြန့်ချိခြင်း မပြုရဲကြသည့်ခေတ်ကို ကာလရှည်ကြာ ကျနော်တို့ ဖြတ်သန်း ခဲ့ကြရသည် မဟုတ်ပါလား။

 

သည့်နောက်တွင် ၂၀၀၈ ခြေဥအောက် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးခေတ်ကို ဆယ်စုနှစ်တစ်ခုနီးပါး ဖြတ်သန်းခဲ့ရရာ ထိုကာလတွင်မှ လူ့အခွင့်အရေးဟူသော စကားရပ်ကို တွင်တွင်ကျယ်ကျယ် ကြားလာရသည်။ ဒီမိုကရေစီ အရုဏ်ဦးကာလတွင် လူ့အခွင့်အရေး အစို့အညှောင့်လေး ပေါ်ထွက်လာသည်ဟု ဆိုရမည်လား မပြောတတ်။ ယခုတော့ ဒါတွေလည်း အိပ်မက်ပမာ ဖြစ်သွားခဲ့လေပြီ။ အိပ်မက်မှ လန့်နိုးချိန်တွင် ကျနော်တို့ ပြည်သူအားလုံးမှာ အမိုက်တကာ့ အမိုက်ဆုံး အမှောင်တိုက်ထဲ ရောက်နေကြပေပြီ။

 

လူတွေကို ဖမ်းချင်သလို ဖမ်းသည်။ ရိုက်ချင်သလို ရိုက်သည်။ နှိပ်စက်ချင်သလို နှိပ်စက်သည်။ လူမသိ သူမသိ လက်စဖျောက်ပစ်သည်များ ရှိသလို၊ ပေါ်ပေါ်တင်တင်ပင် သေသွားပြီဟုဆိုကာ မိသားစုကို အလောင်းလာယူခိုင်းသည့်ဖြစ်စဉ်များမှာလည်း မနည်းမနောပင်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်က ကျေးရွာတွေကို နေ့စဉ်နှင့်အမျှ မီးရှို့ဖျက်ဆီးနေသည်။ ယူချင်သည့် ပစ္စည်းကို ဘယ်သူပိုင်ပိုင် ယူချင်သလို ယူလိုက်သည်။ လူတွေကို ဖမ်းချင်သလို ဖမ်းသည်။ ရိုက်ချင်သလို ရိုက်သည်။ နှိပ်စက်ချင်သလို နှိပ်စက်သည်။ လူမသိ သူမသိ လက်စဖျောက်ပစ်သည်များ ရှိသလို၊ ပေါ်ပေါ်တင်တင်ပင် သေသွားပြီဟုဆိုကာ မိသားစုကို အလောင်းလာယူခိုင်းသည့်ဖြစ်စဉ်များမှာလည်း မနည်းမနောပင်။ သို့နှင့်တိုင် ဘယ်သူကမှ ပေါ်ပေါ်တင်တင် အထွန့် မတက်ရဲကြ။ ဘယ်သူ့ ဘယ်သူမှလည်း မကူနိုင်ကြ။

 

တိုင်းပြည်တစ်နှံတစ်လျားက မတရား ဖိနှိပ် သတ်ဖြတ် ရက်စက်မှုတွေအားလုံးမှာ “ဝမ်းနည်းပါသည်၊ ရှုတ်ချပါသည်၊ ကန့်ကွက်ပါသည်” ဟူသော ကြေညာချက်တွေနဲ့သာ ရေစုန်မြောနေတော့သည်။ ကုလသမဂ္ဂ၊ အီးယူ၊ အာဆီယံ၊ နိုင်ငံတကာ ဘာအဖွဲ့ ညာအဖွဲ့ ဘာမှ အားကိုး ရှာမရတော့။ သည်လိုနှင့် မြန်မာပြည်သူတို့အဖို့ တရားမျှတမှုကို လက်နက်ဖြင့်သာ အဖြေရှာ၍ ရမည်ဟု နားလည်သွားကြတော့သည်။ တရားဥပဒေကား သေနတ်ပြောင်းဝတွင်သာ စိုးမိုးနေခဲ့လေပြီ။

 

အမှောင်တိုက်ထဲက အလင်းတစ်စ

ဤသို့သော အခြေအနေတွင် လူ့အခွင့်အရေးအကြောင်း ရေးရမည်ကို ကျနော့်မှာ ရွံ့နေတော့သည်။ မြန်မာ့လူ့အခွင့်အရေးအခြေအနေက ခေတ်အဆက်ဆက် အဆိုးဆုံးအဆင့်သို့ ကျဆင်းသွားခဲ့လေပြီ။ ဆိုးဝါးပြင်းထန်လှသည့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လူမှုကွန်ရက်စာမျက်နှာများထက်တွင် နေ့စဉ်နှင့် အမျှ နာရီမလပ် မြင်နေရသည်။

 

မီးခိုးတလူလူအောက်က ပြာပုံအတိ ဖြစ်နေသည့် ကျေးရွာတွေ။ လေယာဉ်ဗုံးကြဲမှုအပြီး အစုလိုက်အပြုံလိုက် သေကြေပျက်စီးနေကြသည့် မြင်ကွင်းတွေ။ အကောင်းကို ရှာသည့်တိုင် အကောင်းကား တစ်စက်ကလေးမျှပင် မရှိ။ အရာရာကား ပျက်စီးချို့ယွင်းမှုများနှင့် အတိ ပြည့်နှက်နေသော အနိဋ္ဌာရုံ မြင်ကွင်းတွေ။

 

ဖမ်းဆီး၊ ရိုက်နှက်၊ နှိပ်စက်၊ သတ်ဖြတ်မှု အနိဋ္ဌာရုံ မြင်ကွင်းတွေ။ အလောင်းရှေ့မှာ ယူကြုံးမရ ငိုကြွေးနေသည့် မိသားစုဝင်တွေ၏ များစွာသော ပုံရိပ်တွေ။ အထုတ်အပိုး ကိုယ်စီနဲ့ အသက်လု ပြေးနေရသည့် လူအုပ်ကြီး ကြားက သားသည် မိခင်တွေ။ အမိုးအကာမဲ့ ကွင်းပြင်ထဲ ဖြစ်သလို ကြုံသလို စားနေရသည့် ကလေးသူငယ် လူမမယ်လေးတွေ။ မီးခိုးတလူလူအောက်က ပြာပုံအတိ ဖြစ်နေသည့် ကျေးရွာတွေ။ လေယာဉ်ဗုံးကြဲမှုအပြီး အစုလိုက်အပြုံလိုက် သေကြေပျက်စီးနေကြသည့် မြင်ကွင်းတွေ။ အကောင်းကို ရှာသည့်တိုင် အကောင်းကား တစ်စက်ကလေးမျှပင် မရှိ။ အရာရာကား ပျက်စီးချို့ယွင်းမှုများနှင့် အတိ ပြည့်နှက်နေသော အနိဋ္ဌာရုံ မြင်ကွင်းတွေ။

 

ကြိတ်မနိုင်ခဲမရ နာကြည်းခံပြင်းမှုတွေကြား၊ ဝမ်းနည်းပက်လက် ပူဆွေးကြေကွဲမှုတွေကြား၊ တောက် တခေါက်ခေါက်နဲ့ ဆူပွက်နေတဲ့ ဒေါသမီးလျှံတွေကြားမှာ လူ့အခွင့်အရေးအကြောင်း ကျနော့်မှာ ဘာပြောရမှန်း၊ ဘာရေးရမှန်းပင် မသိတော့။ ကြက်သေသေ နေမိသည့်ပမာ။

 

ဤအခြေအနေ၊ ဤနောက်ခံအခင်းအကျင်းမှာပင် သူတို့နှင့် တွေ့ဖြစ် ဆုံဖြစ် စကားပြောဖြစ်ဖို့ အကြောင်းက ဖန်လာခဲ့သည်။ သူတို့ဆိုသည်မှာ တိုက်ပွဲအတွင်း ဖမ်းဆီးရမိလာသည့် မြန်မာစစ်တပ်ဘက်က စစ်သုံ့ပန်းတွေ။ ပြည်သူ့တံတွေးခွက်တွင် ပက်လက်ရော၊ မှောက်ခုံ ပါ မျောနေသော မြန်မာစစ်သားတွေ။ မြန်မာပြည်သူတွေရဲ့ အနာကြည်းဆုံး၊ အမုန်းတီးဆုံး၊ စက်ဆုပ်ရွံရှာမှု အခံရဆုံးသော လူသားတွေကို စစ်သုံ့ပန်းများဘဝတွင် ကျနော် မြင်ခဲ့၊ တွေ့ခဲ့၊ စကားပြောခဲ့ရခြင်း ဖြစ်သည်။

 

ဤအခိုက်မှာပင် တိမ်မည်းတိမ်ညစ်တွေ၏ ငွေရောင်အနားသတ်ကို ကျနော် ရှာတွေ့သွားခဲ့သည်။ စက်ဆုပ်ရွံရှာ မှု၊ နာကျည်းမုန်းတီးမှု အမိုက်မှောင် တိမ်တိုက်ကြီးအတွင်းမှာ လျှပ်စီးတစ်ချက် ပြိုးပြက် သွားချိန်တွင် လူသား၏ မေတ္တာတရား အလင်းဓာတ်ကို ကျနော် မြင်လိုက်ရတော့သည်။ ထိုအခိုက်အတန့်တွင် လူ့အခွင့်အရေးဆိုသည်ကို ကျနော် ပြန်ဆင်ခြင်ကြည့်နေမိသည်။

 

လူ့အဖွဲ့အစည်းတစ်ရပ်တွင် ဘေးဖယ်ထုတ်ခံထားရသူ လူအုပ်စု သို့မဟုတ် လူသားတစ်ဦးချင်းစီ၏ ဘဝများကို လူ့အသိုက်အဝန်းအတွင်း လူလူသူသူ ဆက်ဆံခံရရေးအတွက် အားထုတ်ကြိုးပမ်းရခြင်းသည်ပင် လူ့အခွင့် အရေးကို မြှင့်တင်ခြင်း၊ လူ့အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ခြင်း ဖြစ်သည်။ ကလေးသူငယ် အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ မသန်စွမ်းအခွင့်အရေးမှသည် အကျဉ်းသား အခွင့်အရေးအထိ လူ့အခွင့်အရေး မြှင့်တင်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ကမ္ဘာကြီးက တတ်စွမ်းသမျှ ကြိုးပမ်းနေကြသည်မှာ ဤအခြေခံသဘောကြောင့်ပင် ဖြစ်ပေသည်။

 

အကြမ်းဖက် စစ်ကောင်စီ၏ ထင်ရာစိုင်းအုပ်ချုပ်မှုအောက်ရှိ အချုပ်ခန်းများ၊ အကျဉ်းထောင်များနှင့် စစ်ကြော ရေးစခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆမတန်များပြားနေမည်မှာ သေချာပါသည်။

 

လူအများ၏ စိတ်ဝင်တစား အရေးတယူ မရှိမှုကြောင့် လူမြင်ကွင်း နောက်ကွယ်တွင် လူတစ်စု၏ ဖိနှိပ် အနိုင် ကျင့်မှုဘေးကို ရင်ဆိုင်နေရသူများ ကမ္ဘာကြီးတွင် မနည်းမနော ရှိနေပါသည်။ ထိုအထဲတွင် အချုပ်သားများ၊ အကျဉ်းသားများနှင့် စစ်သုံ့ပန်းများ ပါဝင်ပါသည်။

 

အကြမ်းဖက် စစ်ကောင်စီ၏ ထင်ရာစိုင်းအုပ်ချုပ်မှုအောက်ရှိ အချုပ်ခန်းများ၊ အကျဉ်းထောင်များနှင့် စစ်ကြော ရေးစခန်းများတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ အဆမတန်များပြားနေမည်မှာ သေချာပါသည်။ ဤအခြေ အနေတွင် မမျှော်လင့်ဘဲ အာဏာသိမ်းစစ်ကောင်စီ၏ ရှေ့တန်းရောက် တပ်များမှ တိုက်ပွဲရှုံး ဖမ်းဆီးခံ စစ်သုံ့ပန်းများနှင့် တွေ့ဆုံခွင့်ရရန် အကြောင်းဖန်လာခဲ့ခြင်း ဖြစ်သည်။

 

သူတို့ နှင့် ဆုံတွေ့ရပုံ  မြင်ကွင်းတွေ

သူတို့ကို ကျနော် တွေ့ရ၊ မြင်ရ၊ စကားပြောခဲ့ရသည့် နေရာတွေက မတူသလို ၊ အခြေအနေတွေကလည်း မတူ ။ တစ်ခါ တွေ့ရသည်မှာ သူတို့ ဒဏ်ရာတွေကို ဆေးဝါးကုသပေးနေချိန်။ သိပ်ကြီးကြီးမားမား ဒဏ်ရာ မရထား သူတွေ ရှိသလို၊ တချို့မှာ စကားပင် မပြောနိုင်။ သတိပင် ကောင်းကောင်း မရတတ်သေး။ ခန္ဓာကိုယ် တွင် ပတ်တီးအဖွေးသားနှင့် သွေးစသွေးနတွေ ပေကျံနေဆဲ ဖြစ်သည်။ သည်လူတွေကြားထဲတွင် လိုက်ကြည့်ရင်း နာကျင်မှု ဝေဒနာကြားမှ စိုးရိမ် ထိတ်လန့်မှု လွင့်ပြယ်စအပြုံးကို ကျနော် မြင် ခဲ့ရဖူး သည်။

 

နောက်ရက်တွေ သူတို့ဆီ ရောက်တော့ သူတို့ ဒဏ်ရာဒဏ်ချက်တွေက အတော်လေး သက်သာ နေကြပြီ။ တချို့ဆိုလျှင် ကုတင်ပေါ်တွင်ပင် မနေတော့။ ကုတင်အနီးနားဝန်းကျင်မှာပင် ခြေဆန့်လက်ဆန့် လျှောက်၍ရ နေကြပြီ ဖြစ်သည်။ ဒဏ်ရာတွေ အရှင်းမပျောက်သေးသည့်တိုင် စိတ်လက်ပေါ့ပါးသက်သာနေသည့် သူတို့ နှင့် အေးအေးလူလူ စကားတွေ ထိုင်ပြောဖြစ်ခဲ့သည်။

 

တစ်ခါတွင်တော့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ဒုဗိုလ်မှူးကြီးတစ်ဦး၏ စီစဉ်ပို့ဆောင် ပေးမှုဖြင့် သူတို့ နေထိုင်ရာ နေရာတစ်ခုကို ကျနော်ရောက်ခဲ့သည်။ ပေါက်ခါစ သီးပင်စားပင်လေးတွေကြားမှာ ရေလောင်း ပေါင်းသင်ရင်း တက်ကြွ ရွှင်လန်းနေသည့် စစ်သုံ့ပန်းတချို့နှင့် ကျနော်ဆုံခဲ့ဖူးသည်။ ပိုက်အစုတ် ကလေးနှင့် ကွန်ပစ်ပြီး ရလာသည့် ငါးပေါက်လေးတွေကို သူတို့ ကြော်ကြွေးတာ ကျနော် စားခဲ့ရဖူးသည်။

 

ဘဲအော်သံတဂတ်ဂတ်ကြားမှ “အဖိုး ကျေးဇူးတွေပေါ့ဗျာ” ဟု လှမ်းအော် ပြောလိုက် သည်ကို ကျနော် သဲသဲကွဲကွဲ ကြားလိုက်ရသည်။ အဖိုးဆိုတာ ဘယ်သူ့ကို ပြောနေမှန်းတော့ မသိ။ နောက်မှ သိရသည်က အဖိုးဆိုတာ သူတို့ကို ဒီနေရာ ဒီအခင်းအကျင်း စီစဉ်ပေးသူ။

 

တစ်ခုသော ညနေစောင်းတွင် ချောင်းအစပ် ဘဲခြံထဲသို့ ဘဲတွေ ပြန်သွင်းနေသော သူတို့ အနားကို သွားရင်း သွားစပ်စုမိခဲ့ဖူးသည်။ ဘဲအော်သံတဂတ်ဂတ်ကြားမှ “အဖိုး ကျေးဇူးတွေပေါ့ဗျာ” ဟု လှမ်းအော် ပြောလိုက် သည်ကို ကျနော် သဲသဲကွဲကွဲ ကြားလိုက်ရသည်။ အဖိုးဆိုတာ ဘယ်သူ့ကို ပြောနေမှန်းတော့ မသိ။ နောက်မှ သိရသည်က အဖိုးဆိုတာ သူတို့ကို ဒီနေရာ ဒီအခင်းအကျင်း စီစဉ်ပေးသူ။ ကျနော့်ကို လိုက်ပို့ပေးသည့် KNLA ဒုဗိုလ်မှူးကြီး မှန်း သိရသည်။ သည်စခန်း သည်နေရာလေးက သူတို့အတွက် လောကနိဗ္ဗာန် ဖြစ်နေပုံရသည်။

 

 

သူတို့ထဲက သုံးလေးဦးဆိုလျှင် မိန်းမနှင့် ကလေးတွေကို ခေါ်ထားပြီးဖြစ်ရာ မိသားစုဘဝကိုပင် ပြန်ရနေကြပြီ ဖြစ်သည်။ အဲသည့် တစ်ခေါက် ရောက်စဉ်က သီးပင်စားပင်လေးတွေမှာ စိုက်ထားခါစ။ တချို့နေရာလေးတွေ ဆို မြေပြင် မြေဆွထားတုန်း ဖြစ်သည်။ ဘဲတွေတင်မက ကြက်ဆယ့်လေးငါးကောင် မွေးထားသည်ကိုလည်း မြင်ရ သည်။ ကြက်တွေ၊ ဘဲတွေ၊ သီးပင်စားပင်တွေနှင့် တဲအိမ်လေးတွေကြားမှာ ခုန်ပေါက်ပြေးလွှားနေသည့် ခွေးပေါက်နှစ်ကောင်ကို မြင်ရသည်။ သည်ခွေးလေးနှစ်ကောင်မှာ သူတို့ကလေးတွေနှင့် ဆော့ဖော်ဆော့ဖက် ဖြစ်နေတော့သည်။

 

သူတို့နေရာ ပတ်ဝန်းကျင်ကို ဟိုဟိုသည်သည် လိုက်ကြည့်ရင်း သူတို့ထဲက မိသားစုတစ်စု နေထိုင်ရာ ဝါးတဲအိမ် ကလေးပေါ်သို့ ကျနော်တက်သွားခဲ့သည်။ အိမ်ရှေ့ခန်းတွင် ဆင်ထားသည့် အရှိန်သေလုလု ခပ်ဖြေးဖြေး လှုပ်နေ သည့် ပုခက်လေးတစ်လုံး။ ပုခက်ထဲတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသော တစ်နှစ်သားအရွယ် ကလေး ငယ်လေး၏ အပြစ်ကင်းသော မျက်နှာကို ကျနော် မြင်လိုက်ရပြီး စစ်ဖြစ်နေသည့် ကျရှုံးတိုင်းပြည်ကို ကျနော် တဒင်္ဂ မေ့လျော့သွားခဲ့မိသည်။

 

 အားလုံးရဲ့မျက်နှာတွေက အပြုံးကိုယ်စီနှင့် ။ မပြုံးနိုင်သူက ကျနော်။ “တချို့ မိသားစု ထမင်းဝိုင်းတွေမှာ လူ မစုံတော့ဘူး” ဆိုသည့် လူမှုကွန်ရက် ပေါ်က စာသားတချို့ကို ကျနော် ပြန်အမှတ်ရ နေမိသည်။

 

မိသားစုလိုက် ထမင်းစားနေကြချိန် သူတို့အိမ်လေးဆီ ကျနော် ရောက်သွားခဲ့ဖူးသည်။ “စားပါဦးလား အကို” ဟု လောကွတ် ပြုလိုက်သည့် အသံနှင့်အတူ ထမင်းကို ပလုတ်ပလောင်းစားရင်း သူတို့ မျက်လုံးတွေက ကျနော့်ကို ပြိုင်တူ လှမ်းကြည့် လိုက် ကြသည်။ အားလုံးရဲ့မျက်နှာတွေက အပြုံးကိုယ်စီနှင့် ။ မပြုံးနိုင်သူက ကျနော်။ “တချို့ မိသားစု ထမင်းဝိုင်းတွေမှာ လူ မစုံတော့ဘူး” ဆိုသည့် လူမှုကွန်ရက် ပေါ်က စာသားတချို့ကို ကျနော် ပြန်အမှတ်ရ နေမိသည်။ နာကြည်းခံပြင်း မှုနှင့်အတူ တလိပ်လိပ် ဒေါသထွက်လာသည့်တိုင် ထိုဒေါသက သူတို့အပေါ် ထွက်ခြင်း မဟုတ် တာတော့ သေချာသည်။ “စောက်အာဏာရူး စစ်ဘီလူးတွေ”ဟု စိတ်ထဲ က ပယ်ပယ်နယ်နယ် ကျိတ်ဆဲ ရင်း သူတို့ ထမင်းဝိုင်းလေးကို ကျနော် နှုတ်ဆက်ကျောခိုင်းခဲ့ဖူးသည်။

 

နောက်တစ်နေရာကို ကျနော်ရောက်တော့ တချို့က ပိုက်ကျော်ခြင်းခတ်နေပြီး တချို့က ဘောလီဘောပုတ် နေကြသည်။ သေချာကြည့်လိုက်တော့ သူတို့ချည်း သက်သက်မဟုတ်။ KNLA ရဲဘော်လေး တချို့လည်း သူတို့နှင့်အတူ ကစားနေကြသည်။ သူ့တို့၏ ညနေခင်းတွေက ပေါ့ပါးလွတ်လပ်လွန်းလှလေရာ မနာလိုစရာပင် ကောင်းသေးတော့သည်။

 

စစ်တပ်ကို မပြန်ချင်ကြတဲ့ စစ်သားတွေ 

သည်လိုနှင့်ပင် ကျနော် သူတို့ဘဝတွေကို စိတ်ဝင်စားသွားတော့သည်။ ကျနော်စိတ်ဝင်စားသည်မှာ အပိုင်းနှစ်ပိုင်း ရှိသည်။ တစ်ပိုင်းမှာ စစ်ကောင်စီလက်အောက်က သူတို့ဘဝတွေ ဖြစ်သည်။ နောက်တစ်ချက်က KNU လက်ထဲက သူတို့ ဘဝတွေကို ဖြစ်သည်။

 

ဤနေရာတွင် အံ့ဩစရာ ကောင်းသည်မှာ တချို့စစ်သုံ့ပန်းများမှာ မိသားစုဝင်တွေကိုပါ ခေါ်ယူပြီး အတူတကွ နေထိုင်နေကြခြင်း ဖြစ်သည်။ ထို့ထက် အံ့ဩစရာကောင်းသည့် အချက်တစ်ခု ရှိပါသေးသည်။ ဘယ်စစ်သုံ့ပန်း ကမှ သူတို့လာရာ စစ်တပ်ထံသို့ ပြန်မသွားလိုကြခြင်း ဖြစ်သည်။ သူတို့ ဘာကြောင့် စစ်တပ်ကို မပြန်ချင်ကြတော့တာလဲ။ ဤအကြောင်းကပင် ကျနော် သူတို့နှင့် စကားပြောဖြစ်ဖို့ ဖြစ်လာရတော့သည်။

 

“ပြည်သူ့တံတွေးခွက်တွင် ပက်လက်မျောနေသော စစ်တပ် အသိုက်အမြုံအတွင်းမှ စစ်ခေါင်းဆောင်တို့၏ အသုံးတော်ခံဘဝများ သာ”

 

သူတို့နှင့် စကားပြောပြီး ကျနော်သိလာခဲ့သည်မှာ သူတို့အများစု၏ဘဝသည်  ပြည်သူ့တံတွေးခွက်တွင် ပက်လက်မျောနေသော စစ်တပ် အသိုက်အမြုံအတွင်းမှ စစ်ခေါင်းဆောင်တို့၏ အသုံးတော်ခံဘဝများ သာ” ဖြစ်သည်။ အားလုံးကို မဆိုလိုသည့်တိုင် သူတို့ထဲမှ အများစုမှာ ဤသို့သော ဘဝမှ ရုန်းထွက်လိုသော်လည်း ရုန်းထွက် ဖို့ အခွင့် မသာသူတွေ၊ အခွင့် မရှာတတ်သူတွေသာ ဖြစ်သည်။ သို့ဖြင့် စစ်ပွဲတွေကပင် သူတို့၏ ဘဝထွက်ပေါက် ဖြစ်နေတော့သည် ။ စစ်ပွဲအတွင်း ရန်သူ့လက်ဝယ် ဖမ်းဆီးခံရပြီးနောက်တွင်မှ သူတို့ဘဝ အပြောင်းအလဲ ဖြစ်လာတော့သည်။ သူသေကိုယ်သေ တိုက်ခိုက်ရသည့်တိုက်ပွဲတွေအပြီး အသက် မသေဘဲ ရန်သူ့ လက်ထဲ ရောက်သွားချိန်တွင်မှ သူတို့ဘဝတွေ ပြောင်းလဲသွားခဲ့ရသည်။ သည်တော့မှပင် တကယ့် လူပီသတဲ့ဘဝတွေကို သူတို့ ကောင်းကောင်း နားလည်သွားပုံရသည်။

 

“အစကတော့ ဖမ်းခံရပြီးရင် သေပြီလို့ပဲ ထင်ခဲ့တာလေ ဆရာ။ အခုမှ ကျနော်တို့ကို တကယ့် ညီလို အကိုလို သဘောထားပြီး စောင့်ရှောက်ထားမှန်းသိတယ်” ဟု စစ်သုံ့ပန်းတပ်ကြပ်ကြီးတစ်ဦးက ပြောသည်။

 

 

“ဆရာကြီးတို့က ဒီဘက်က ရဲဘော်တွေကို ဖမ်းမိရင်ရော အခုလို ဆက်ဆံပါ့မလား”ဆိုတော့ မပွင့်တပွင့် အပြုံးနှင့် သူ ကျနော့်ကို တစ်ချက်ငေးကြည့်သည်။ ပြီးတော့ သူ ခေါင်းငိုက်စိုက် ကျသွားသည်။ သူ့ဆီက ဘာအဖြေမှ မရလိုက်သော်လည်း ကျနော် ဆက်မမေးတော့ပါ။ ကျနော် လှည့်ထွက်လာတော့မှ နောက်က သူလှမ်းပြောသည်။

 

 

သူတို့ တပ်ထဲရှိနေစဉ်ကာလတစ်လျှောက်လုံး ရန်သူဟု နားလည်ထားခဲ့သူတွေက KNU လက်တွင် စစ်သုံ့ပန်း ဘဝဖြင့် နေရသည်က စစ်တပ်ထဲ နှစ်ပေါင်းများစွာ နေခဲ့ရသည့် ဘဝတွေထက် နွေးထွေး လုံခြုံနေသည်ကို သူတို့ရော သူတို့မိသားစုတွေပါ ကောင်းကောင်း နားလည်နေသည်။

 

 နှလုံးသားနဲ့ တော်လှန်နေကြသူများ

သူတို့ဆီက အပြန်လမ်းတွင် ကျနော့်စိတ်ထဲ မတင်မကျ ဖြစ်နေသည်။ သည်လူတွေကို ဘာကြောင့် အခုလို ထိန်းသိမ်းစောင့်ရှောက်ထားတာလဲ ကျနော် သိချင်နေမိသည်။ အမှန်အတိုင်းဝန်ခံရလျှင် တောထဲက တော်လှန်ရေးသမားတွေမှာ လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု စတာတွေကို သိပ်နားလည်ကြမှာ မဟုတ်ဟုပင် ကျနော် ထင်ထားမိခဲ့သည်။ ကျနော့် KNLA ဒု ဗိုလ်မှူးကြီးတစ်ဦးကို ကျနော် မေးကြည့်မိတော့ -

 

“ကျ​နော်တို့ တစ်​တွေက ​သွေးဆာ​နေတဲ့ လူသတ်သမား​တွေ မဟုတ်ဘူး။ အကြမ်းဖက် ​သောင်းကျန်း​နေသူ​တွေ မဟုတ်ဘူး။ တိုက်ပွဲထဲမှာ​တော့ အပြတ် ​ချေမှုန်းတယ်။ အကယ်၍ လက်နက်ချလာခဲ့မယ်ဆိုရင်​တော့ KNU က ချမှတ်ထားတဲ့ စစ်သုံ့ပန်းများအ​ပေါ် ထားရှိရမယ့် သ​ဘောထားအတိုင်းဘဲ ပြုမူ​ဆက်ဆံပါတယ်။ လူသားချင်း စာနာမှုအရ သူတို့ကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ထားတယ် ”

 

KNLA ဒုဗိုလ်မှူးကြီးက သူတို့ ကရင်တွေ ဘာကြောင့် လက်နက်ကိုင် တော်လှန်ရေးလုပ်ရတဲ့အကြောင်းကို အရင် ရှင်းပြသည်။ ပြီးတော့မှ -

 

“ကျ​နော်တို့ တစ်​တွေက ​သွေးဆာ​နေတဲ့ လူသတ်သမား​တွေ မဟုတ်ဘူး။ အကြမ်းဖက် ​သောင်းကျန်း​နေသူ​တွေ မဟုတ်ဘူး။ တိုက်ပွဲထဲမှာ​တော့ အပြတ် ​ချေမှုန်းတယ်။ အကယ်၍ လက်နက်ချလာခဲ့မယ်ဆိုရင်​တော့ KNU က ချမှတ်ထားတဲ့ စစ်သုံ့ပန်းများအ​ပေါ် ထားရှိရမယ့် သ​ဘောထားအတိုင်းဘဲ ပြုမူ​ဆက်ဆံပါတယ်။ လူသားချင်း စာနာမှုအရ သူတို့ကို ကောင်းမွန်စွာ ကြည့်ရှုစောင့်ရှောက်ထားတယ် ”

 

“သွေးဆာနေတဲ့ လူသတ်သမားတွေ မဟုတ်ဘူး”ဆိုတဲ့ စကားကို ကျနော် ငြိသွားသည်။ ကျနော်တို့ တော်လှန် ရေးရဲ့ အဖြေကို ဘယ်မှာ ရနိုင်မလဲဆိုတာ ကျနော် ကောင်းကောင်း သဘောပေါက်သွားခဲ့သည်။ တကယ်တော့ သူတို့က လူ့ဂုဏ်သိက္ခာကို တကယ် တန်ဖိုးထားကြသူတွေ ဖြစ်သည်။ လူသားချင်းစာနာမှုတို့၊ လူ့အခွင့်အရေးတို့ ဆိုတဲ့ စကားရပ်တွေကို ပါးစပ်ကပဲ တွင်တွင်ရွတ်နေတဲ့သူမျိုးတွေ မဟုတ်။ ရင်ထဲ နှလုံးသားထဲက ကောင်း ကောင်း နားလည်သဘောပေါက်ပြီး လက်တွေ့ကျင့်သုံးနေကြသူတွေ ဖြစ်သည်။

~~~~

 

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။