ခေတ်သူခိုးနဲ့ စနစ်ဆိုးကို မကြိုက်ဘူး။
ဝီစကီရယ်...
အမှန်တရားရယ်...
ချေဂွေးဗားရားနဲ့ မော်စီတုန်းကို
ငါကြိုက်တယ်။
လမ်းမီးတိုင်အောက်မှာ
ဂစ်တာ ခေါက်ရင်း
တွေ့ရာမြောင်းထဲ
လွတ်လပ်စွာ
သေးပေါက်နေရတာကို
ပျော်တဲ့ကောင်...။
ဘာ သီအိုရီ
ညာ သီအိုရီတွေကို
အာကြီး ဖြဲအော်ဆိုပြီး
လစ်တမတ် စက္ကူနဲ့
တစ်သျှူးကိုတောင်
ကောင်းကောင်းကြီးမခွဲခြားတတ်တဲ့
ပါဝါထူ စာအူ ပညာရေးစနစ်ကို
ဆယ်တန်းကျောင်းသားမှာကတည်းက
မထင်ရင် မထင်သလို
လက်သုံးချောင်းထောင်တဲ့ကောင်...။
ထစ်ခနဲရှိ ဘုရား တ နေမယ့်အစား
တရား မမျှတာကို
ဓားထမ်းစိန်ခေါ်ချင်တဲ့ကောင်...။
ငါက အဲဒီလို သူပုန်ကောင်....။
လူငယ်ဘဝဟာ
ဂျိုကာ လား...
စေတန် လားဆိုပြီး
ကိုယ့်နရီနဲ့ကိုယ် ငါတို့မကွဲပြားချိန်
ငါ့လို သူပုန်တစ်ယောက်မှာလည်း
ရိုမီယိုလို ကြေကွဲခြင်းစစ်စစ်တွေရှိတယ်။
လူခြေတိတ်မှ တစ်ညလုံး ရွာရတဲ့
မျက်ရည် မိုးသီးကြီးပေါက်တွေဆို
ဗာဆိုင်းနန်းတော်က ဖန်မီးဆိုင်းတွေလို
တခမ်းတနား နာကျင်...။
ကိုယ့်ရင့်မှည့်မှုနဲ့ ကိုယ်
မချိုရတဲ့ ရှဉ့်ကိုက် မှက်စား
အိပ်မက်တွေဟာလည်း
ငါ့အိပ်ရာမှာ
ဘာမြူဒါကို ဖြတ်ပျံနေရတဲ့
လေယာဥ်လို သဲလွန်စ မကျန်အောင်
ညတိုင်း ပျက်ကျနေခဲ့...။
သေရဲလား ဆိုတော့...
သေရဲပါတယ်။
ဒါပေမဲ့
ဟောဒီ့ ပုန်ကုန်မှုကြီးကို
ကျူးဘားလို
အထ မြောက်သွားချင်သေးတယ်။
ဒီလိုမှ မဟုတ်ရင်
ငါ သေတောင်
ငါ့ ဝိညာဥ်ဟာ
နောင်သံသရာမှာ
သူပုန်တစ်ကောင်
ထပ်ဖြစ်ချင်သေးတယ်။
ငါသတိထားမိတော့
ငါ့ဆံပင်တွေ...
ငါ့နှုတ်ခမ်းမွှေးတွေသာ
တစ်နေ့တခြား ရှည်လာပြီး
ငါ့စိတ်တွေမှာတော့
တစ်နေ့တခြား တိုလာနေခဲ့...။
ငါ့ရဲဘော်တစ်ယောက် ကျဆုံးတိုင်း
ကမ္ဘာမကြေဘူး သီချင်းကို
လက်သီးလက်မောင်းတန်းငိုတယ်။
ငါ့သက်တမ်းဟာရော
ငါ့စိတ်ထက်တောင် တိုလာလေမလား။
ဟမ္ဘူရာဘီရဲ့ ကိုဓဥပဒေကို
ကိုယ်ဝန်သည်လို
နေ့စဥ် ချဥ်ခြင်းတပ်လာလေရဲ့။
အမေ့အိမ်ကို လွမ်းတိုင်း
ဦးငှက်ရဲ့ အမေ့အိမ်သီချင်းကို
တစ်ယောက်တည်း ခပ်တိုးတိုးဆိုရင်း
ဆေးပေါ့လိပ်တွေ တစ်လိပ်ပြီး
တစ်လိပ် ထိုင်ဖွာတယ်။
ဥပုသ်သည် ယောင်ဆောင်နေတဲ့
သစ်ကျုတ်တွေကို
တစ်ခွန်းပြီး တစ်ခွန်း အော်ဆဲချင်ခဲ့။
ရှိသမျှ ဘုရားတွေကို မေ့ပြီး
မရှိသလောက် ရှားနေတဲ့
တရားကိုသာ ငါလိုက်ရှာတော့တယ်။
ငါကိုးကွယ်ရာ ဘာသာဟာ
သေနတ်ကြီးကို
စိပ်ပုတီးလို ကိုင်မှ
ငြိမ်းချမ်းရေး ရမယ့်
စစ်ပွဲကြီး ဖြစ်နေပါရောလား။
ရေပေါ်ဆီလည်း မဟုတ်...
ကောက်ရိုးမီးလည်း မဟုတ်တော့
ငရဲခန်းကို
ငါအထူးတန်းက တိုးဝင်နေခဲ့တာ။
သူပုန်တစ်ယောက်ရဲ့ မျက်လုံးထဲမှာ
ရာသီပွဲတော်တွေကိုလည်း မမြင်ဘူး။
အိန်ဂျလီနာဂျိုလီရဲ့ မလုံ့တလုံ
ဆက်ဆီဓာတ်ပုံတွေကိုလည်း မမြင်ဘူး။
ကံ့ကော်ပန်းတွေ အခိုင်လိုက်
ဝေနေတဲ့ တက္ကသိုလ်ကျောင်းက
အယောင်ဆောင် သန္တရသတွေကိုလည်း
မမြင်ဘူး။
လက်ဖက်ရည်ဆိုင် တီဗွီဖန်သားပြင်ပေါ်က
ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကိုလည်း
မမြင်ဘူး။
အင်းလျားကန်စောင်းက
ဖက်လှဲတကင်း စုံတွဲ
အစုတ်ပလုတ်တွေကိုလည်း မမြင်ဘူး။
ပိုလီနိုမီယယ်ကိန်းတန်းလို
လူမျိုးတုံး သတ်ဖြတ်ခံရမှုတွေ...
ပြာပုံထဲက လက်သီးဆုပ်တွေ...
သံတိုင်ကြားက
ငါးဖယ်တွေရဲ့
သူပုန်ဒီဂရီ မြင့်တက်မှုတွေကိုပဲ
ငါ့သွေးပွက်ပွက်က မြင်တယ်။
နောက်ဆို
ငါ အံမကြိတ်တော့ဘူး။
မျက်ရည် မကျတော့ဘူး။
ငါက သူပုန်ကောင်ပဲ။
ရင်နာရင်
ကဗျာ ရေးမယ်။
အသည်းနာရင်
သေနတ်ပြောင်းဝကို
ဆိတ်ခေါင်းပြလို့ ခွေးသား
ရောင်းနေတဲ့ ကောင်တွေဆီ
တန်းတန်းကြီး ချိန်ပစ်နေတော့မယ်။
~~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။