ရက္ခိုင်ပြည်၊ ဘူးသီးတောင်မြို့ရှိ အကြမ်းဖက် စစ်ကောင်စီရဲ့ ဘူးသီးတောင် ဗျူဟာဌာနချုပ်၊ ဗျူဟာ လက်အောက်ခံ တပ်ရင်းတွေ၊ အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ ဒကစ (စစ်တွေ) လက်အောက်ခံ ဘူးသီးတောင် အခြေစိုက် တပ်ရင်းအချို့ အပါအဝင် စခန်းအားလုံးကို အာရက္ခတပ်တော် (AA)က ဒီကနေ့ မေလ ၁၈ ရက်၊ မွန်းတည့် (၁၂) နာရီဝန်းကျင်မှာ တစ်ခုမကျန်သိမ်းပိုက် ရရှိခဲ့ပြီလို့ အာရက္ခတပ်တော်၊ သတင်းနှင့် ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
ဒီကနေ့ နောက်ဆုံး သိမ်းပိုက်ခဲ့တဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းတွေမှာ ဘူးသီးတောင် ဗျူဟာ ဌာနချုပ်၊ အမတ ၃၇၈ တပ်ရင်း၊ ခမရ ၂၃၄ တပ်ရင်း၊ ခမရ ၃၄၅ တပ်ရင်း၊ ခမရ ၃၅၂ တပ်ရင်းများ အပါအဝင် အမြောက်တပ်၊ ထောက်ပို့တပ်ရင်းနဲ့ GE တပ်ရင်း တို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
အလားတူ မေလ ၁၄ ရက်နေ့မှာလည်း အကြမ်းဖက် စစ်ကောင်စီရဲ့ တပ်ရင်း ၄ ရင်း ဖြစ်တဲ့ ခမရ ၃၅၃ တပ်ရင်း၊ ခမရ ၅၃၅ တပ်ရင်း၊ ခမရ ၂၆၃ တပ်ရင်းနဲ့ ခမရ ၂၃၃ တပ်ရင်းတွေကို အာရက္ခတပ်တော် AA က သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
အလားတူ မေလ ၁၃ ရက်နေ့မှာ အကြမ်းဖက် စစ်ကောင်စီ နခခ ၃ တပ်ရင်း၊ မေလ ၁၆ ရက်နေ့မှာ နခခ ၈ တပ်စခန်းတို့ကိုလည်း သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
တစ်ပြိုင်နက်တည်းမှာ သိမ်းပိုက်ရရှိထားတဲ့ ဗျူဟာဌာနချုပ်နဲ့ တပ်ရင်းတွေကနေ ထွက်ပြေးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေနဲ့ စစ်ကောင်စီထံမှာ သင်တန်းဆင်းပြီး အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်း တိုက်ခိုက်နေတဲ့ စစ်သွေးကြွ ဘင်္ဂလီ တပ်ဖွဲ့ဝင်တွေကိုလည်း အာရက္ခတပ်တော် AA က လိုက်လံ ပိတ်ဆို့ ရှင်းလင်း တိုက်ခိုက်နေတာကြောင့် ဘူးသီးတောင်မြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွါးနေတယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်သားတွေဟာ လွတ်မြောက်မယ်ထင်တဲ့ နေရာတွေကို ကစဉ့်ကလျားနဲ့ ခြေဦးတည့်ရာ ထွက်ပြေးနေတာကြောင့် ဘူးသီးတောင်မြို့တွင်းနဲ့ အနီးဝန်းကျင် ကျေးရွာနေ ပြည်သူတွေအနေနဲ့ စစ်ရေးသတိနဲ့ နေထိုင်ကြဖို့ အာရက္ခတပ်တော်၊
သတင်းနှင့် ပြန်ကြားရေးက အထူး သတိပေးထားပါတယ်။
ဓာတ်ပုံ -အာရက္ခတပ်တော် AA စစ်သည်တော်များ (source: AA Info Desk)
~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။