အကြမ်းဖက် စစ်ကောင်စီက နှစ်ရှည် ဖမ်းဆီးထောင်ချထားတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဉ်းထောင်ကနေ နေပြည်တော်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ-၆) တပ်ဝင်း အတွင်းရှိ အဆောက်အအုံတစ်ခုသို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောင်းရွှေ့လိုက်တယ်လို့ သတင်းတွေ ပေါ်ထွက်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ပြောင်းရွှေ့လိုက်တဲ့ နေရာမှာ သမ္မတကြီး ဦးဝင်းမြင့် တရားရင်ဆိုင်စဉ်အချိန်က ထိန်းသိမ်းထားခဲ့တဲ့ နေရာဖြစ်ပြီး စကခ ၆ ဝင်းအတွင်း ဒေါ်အောင်ဆန်းစုကြည်အား အရာရှိ ၂ ယောက် အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ လုံခြုံရေးချထားကာ စစ်ဖက်ရေးရာလုံခြုရေး (စရဖ) အရာရှိတစ်ဦးက ကြီးကြပ်နေတယ်လို့ The Irrawaddy Burmese သတင်းမှာ ဖော်ပြပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် (၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၆)မှာ ပျဉ်းမနားမြို့နယ်၊ သဲဖြူကျေးရွာမှာ တည်ရှိပြီး စကခ ၆ တပ်မမှူးမှာ ကာကွယ်ရေး ဦးစီးချုပ်ရုံး၊ စစ်ဆင်ရေးဌာနမှာ စစ်ဦးစီး ဗိုလ်မှူးချုပ် တာဝန်ကိုပါ ပူးတွဲ တာဝန်ယူရသူ ဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အမှု ၁၉ မှုနဲ့ တရားစွဲဆိုကာ ထောင် ၃၃ နှစ် ချမှတ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့မှာ နေပြည်တော် အချုပ်ထောင်ရှိ သီးသန့်အခန်းတစ်ခုမှာ ဖမ်းဆီး ချုပ်နှောင်ထားခဲ့ရာမှ အခုလို နေရာပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို တရားရုံးတွင် တွေ့ရစဉ် (ပုံဟောင်း)
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။