Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြိုင်မှ ထွက်ခွါလာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လမ်းကြောင်းတလျှောက် တော်လှန်ရေး ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်၊ စစ်ကောင်စီ ရဲ ၅ ဦး သေ၊ ၆ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိ

မကွေးတိုင်း၊ မြိုင်မြို့နယ်မှ ထွက်ခွါလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်တွေက လမ်းကြောင်းတစ်လျှောက် တပတ်ကြာ ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ရဲ ၅ ဦး သေ၊ ၆ ဦးအရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈ လက်နဲ့ ခဲယမ်း သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


မြိုင်မြို့နယ် တောင်ဘက် ၂ မိုင်ကျော်ဝန်းကျင်မှာ အခြေပြုကာ စက်မှု ၂ မှ ဧပြီ ၁၄ ရက် မနက် ၅ နာရီဝန်းကျင်မှာ စတင် ထွက်ခွါလာတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းဟာ မြိုင်မြို့နယ်၊ ဝက်ပုတ် ပျူစောထီးရွာကို ယင်းနေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ရောက်ရှိခဲ့ပြီး မွန်းလွဲ ၂ နာရီကျော်မှာ ပေါက်မြို့နယ်ဘက်သို့ ဆက်လက် ထွက်ခွါခဲ့ပါတယ်။


အဆိုပါစစ်ကြောင်း ပေါက်မြို့နယ်၊ ဆေးပင်ကြီးကျေးရွာနဲ့ ကျောက်မဏ္ဍပ် တောလျှိုမြှောင်အတွင်း ရောက်ရှိချိန်မှာ တော်လှန်ရေး ပူးပေါင်း တပ်တွေက ဝိုင်းဝန်း တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၂ ဦး ဒဏ်ရာရရှိကာ ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်မှာ ဖလန်ကိုင်းရေနံမြေသို့ ဆက်လက် ထွက်ခွါသွားခဲ့တယ်လို့ မြိုင်ပကဖရဲ့ ထုတ်ပြန်ပါတယ်။


အဆိုပါ စစ်ကြောင်းဟာ ဧပြီ ၁၅ ရက်နေ့ မနက် ၁၁ နာရီဝန်းကျင်မှာ ဖလန်ကိုင်းကျေးရွာသို့ အင်အား ၅၀ ခန့် ရောက်ရှိ တပ်စွဲခဲ့တာကြောင့် လှန်ရေး ပူးပေါင်း တပ်တွေက ည ၁၁ နာရီဝန်းကျင်မှာ ဒရုန်းများ အသုံးပြုကာ ဗုံးသီးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဆက်လက်ပြီး ဧပြီလ ၁၆ ရက်နေ့မှာ ည ၁၁ နာရီဝန်းကျင်မှ မနက် ၄ နာရီခွဲဝန်းကျင်အထိနှင့် ဧပြီလ ၁၇ ရက်နေ့မှာ မနက် ၇ နာရီမှ ညနေ ၄ နာရီ ၄၀ မိနစ်ဝန်းကျင်အထိ ဒရုန်းဗုံးသီး အလုံး ၈၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ဒရုန်းဖြင့် ဗုံးသီးများ ကြဲချ တိုက်ခိုက်မှုကြောင့် အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းမှ ရဲအုပ် သန်းဇော်လင်း၊ ရဲတပ်သား ထက်လင်း၊ ရဲဒုတပ်ကြပ် မြင့်မိုး၊ ရဲတပ်သား ခန့်ထက်ကျော်နှင့် ရဲတပ်သား ဟိန်းပြည့်အောင်တို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


ဧပြီလ ၁၈ ရက်နေ့ ည ၈ နာရီဝန်းကျင်မှာ ဖလန်ကိုင်း ရေနံမြေကို ရောက်ရှိလာတဲ့ အဆိုပါစစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ဆက်လက်ပြီး လိုက်လံ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သားနဲ့ ရဲ အင်အား ၁၀၀ ကျော်ခန့်ဟာ တိတ်တဆိတ် ပြန်လည် ထွက်ခွါခဲ့ပြီး ခြေရာဖျောက်သွားခဲ့ပါတယ်။


ဖလန်ကိုင်း ကျေးရွာမှာ ပျောက်ကွယ်သွားတဲ့ ယင်းစစ်ကြောင်းကို ပြန်လည် ထောက်လှမ်းစုံစမ်းကာ ရော့ကတ်တွေ၊ ဒရုန်းဗုံးသီးတွေနဲ့ ၎င်းတို့ ရှိရာနေရာများသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဧပြီလ ၂၁ ရက်နေ့ ည ၁ နာရီကျော်အထိ ဒရုန်းဗုံးသီးအလုံးပေါင်း ၁၀၀ ကျော်ကြဲချ တိုက်ခိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကြောင့် ဖရိုဖရဲ ဖြစ်သွားတဲ့ အကြမ်းဖက် စစ်ကောင်စီ စစ်သားနဲ့ ရဲတွေ ခိုအောင်း နေနိုင်တဲ့ နေရာတွေကို ဧပြီလ ၂၂ ရက်နေ့ မနက် ၅ နာရီကျော်မှာ တော်လှန်ရေး ပူးပေါင်း တပ်တွေက စစ်ကြောင်း ၃ ကြောင်း ခွဲပြီး လိုက်လံရှာဖွေ တိုက်ခိုက်ခဲ့ရာ ကျောက်မဏ္ဍပ်အနီးမှာ ဒဏ်ရာ ရရှိထားတဲ့ ရဲ ၆ ဦးကို လက်နက်ခဲယမ်းများ နှင့်တကွ အရှင်ဖမ်းဆီး ရမိခဲ့တယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိခဲ့တဲ့ ရဲ ၆ ဦးမှာ ရဲအုပ် အောင်အောင်ခိုင်၊ ရဲတပ်ကြပ် ကျော်မင်းနိုင်၊ ရဲဒုတပ်ကြပ် အေးမင်း၊ ရဲတပ်သား ခင်မောင်ထွေး၊ ရဲတပ်သား လျှမ်းပြည့်ချမ်းသာနဲ့ ရဲတပ်သား ညွန့်ဝင်းတို့ဖြစ်တယ်လို့ သိရပါတယ်။

 

၎င်းတို့ထံမှ G-3 (၄) လက်၊ ၎င်းကျည်ဘောက် (၄) ခု၊ ၎င်းကျည် ၃၀၀ တောင့်၊ M 79 ၁ လက်၊ ၄၀ မမဗုံးသီး (၁၀) လုံး၊ AK 47 (၁) လက်၊ ၎င်းကျည်ဘောက် (၂) ခု၊ ၎င်းကျည် (၇၂) တောင့်၊ MA-11 (၁) လက်၊ ၎င်းကျည်ဘောက် (၁) ခု၊ ၎င်းကျည် (၄၀၀) တောင့်၊ BA-94 (၁) လက်၊ ၎င်းကျည်ဘောက် (၂) ခု၊ ၎င်းကျည် (၂၅၂) တောင့်၊ လက်ပစ်ဗုံး (၁) လုံး၊ လက်ကိုင်ဖုန်း (၈) လုံး၊ Power Bank (၁) ခု၊ ဓားမြှောင် (၂) ချောင်း၊ ဓာတ်မီး (၁) လက်၊ ကျည်ကာဦးထုပ် (၅) လုံး၊ ပွိင့် ဖိနပ် (၃) ရံ၊ ကျည်ကာအင်္ကျီ (၇) ထည်၊ နာရီ (၁) လုံး၊ ပတ်တီး (၂) လိပ်၊ မြန်မာငွေ ၁၄၄,၈၅၀ ကျပ်နဲ့ တခြား ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ပါတယ်။

 

ဒဏ်ရာ ရရှိထားတဲ့ အကြမ်းဖက် စစ်ကောင်စီ ရဲများကို တော်လှန်ရေး ပူးပေါင်းတပ်များက ဆေးဝါး ကုသပေးလျက် ရှိပြီး စိုးရိမ်ရ ဒဏ်ရာပြင်းထန်သူ ၂ ဦးနဲ့ ကျည်ထိမှန်သူ ၄ ဦးကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကာ အမျိုးသား ညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့အညီ စစ်သုံ့ပန်းဥပဒေအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်ကြောင်းကို လိုက်လံတိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေး ပူးပေါင်းတပ်များမှာ မြိုင်ပကဖ၊ မြိုင် ဒရုန်းတပ်ဖွဲ့၊ Joker ဒရုန်းတပ်ဖွဲ့၊ ဘာမထီ ပြောက်ကျားတပ်ဖွဲ့၊ ပေါက် ဗိုလ်လရောင်တပ်ဖွဲ့၊ ပေါက် ဗိုလ်ရိုးမတပ်ဖွဲ့၊ ပေါက် ကင်ဒိုတပ်ဖွဲ့၊ ပေါက် ဗိုလ်ဝင်းတပ်ဖွဲ့၊ ပေါက် အရီးရဲဝင်းတပ်ဖွဲ့၊ ပေါက် ဦးကြီးတပ်ဖွဲ့တို့ ဖြစ်တယ်လို့ သိရပါတယ်။

ဓာတ်ပုံ - ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ ရဲများနှင့် လက်နက်ခဲယမ်းများ။

~~~~

နောင်ဘို

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။