ယခင် စစ်အစိုးရခေတ် ၂၀၀၂ ခုနှစ် နိုဝင်ဘာလ ၉ ရက်နေ့မှာ ငြိမ်းချမ်းရေး ရယူခဲ့တဲ့ ကရင်နီအမျိုးသား စည်းလုံးညီညွတ်ရေး အဖွဲ(KNSO)က ကရင်နီပြည်နယ် အတွင်းရှိ လက်နက်ကိုင် အဖွဲ့အစည်းများ၊ ပြည်သူများနှင့် ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သွားမယ်လို့ ဒီကနေ့ ဧပြီ ၁၀ ရက်နေ့ရက်စွဲနဲ့ သဘောထား ထုတ်ပြန် ကြေညာလိုက်ပါတယ်။
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုကြောင့် နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ပြဿနာတွေအပေါ် အကြမ်းဖက် စစ်ကောင်စီက ပြည်သူတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးသတ်ဖြတ်တာ၊ ထောင်သွင်းအကျဉ်းချတာ၊ နှိပ်စက်ညှင်းပန်းတာ၊ အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးတာ တွေ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အကြမ်းဖက် စစ်ကောင်စီရဲ့ လက်နက်အားကိုးပြီး အင်အားသုံး တိုက်ခိုက်လာမှုကြောင့် ကရင်နီ ပြည် အတွင်းရှိ ပြည်သူတွေသာမကပဲ မြန်မာတစ်နိုင်ငံလုံးရှိ ပြည်သူများစွာ အသက် ဆုံးရှုံးခဲ့ရတဲ့အပြင် လူငယ်လူရွယ်တွေနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းထားတာကြောင့် KNSO အဖွဲ့အနေဖြင့် အာဏာသိမ်း စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လုံး၀ ကန့်ကွက်ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။
အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီဟာ KNSO ဌာနချုပ်ရုံး အခြေပြုရာ ခဲမဖြူ ကျေးရွာအတွင်းသို့ လေယာဉ်နဲ့ ဗုံးကြဲတာ၊ မော်ချီးရှိ ပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တာတွေကို ပြုလုပ်နေတာကြောင့် စစ်ကောင်စီဟာ ငြိမ်းချမ်းရေးကို ဖျက်ဆီးလိုက်ပြီလို့လည်း ဆိုပါတယ်။
ဒီအခြေအနေတွေကြောင့် KNSO အဖွဲ့အနေနဲ့ စစ်အာဏာရှင် ကျဆုံးရေးနဲ့ အာဏာရှင် ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအထိ ကရင်နီပြည် အတွင်းရှိ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ ပြည်သူတွေနဲ့ ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန် တိုက်ခိုက် သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကရင်နီ အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှာ ကရင်နီပြည်၊ လိုပွါခိုခရိုင် (မော်ချီးဒေသ)အတွင်း အခြေပြုလှုပ်ရှားတဲ့ လက်နက်ကိုင် အဖွဲ့အစည်းတစ်ခု ဖြစ်ပြီး ကြယ်ဖြူ ပြည်သူ့စစ် တပ်ဖွဲ့လို့လည်း လူသိများပါတယ်။
လက်ရှိအချိန်မှာ ကရင်နီပြည်အတွင်း ကရင်နီ လူမျိုးပေါင်းစုံ ပြည်သူ့ လွတ်မြောက်ရေးတပ်ဦး(ကလလတ)(ယခင် BGF)၊ ကရင်နီ တပ်မတော်(KA)၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်(KNDF)နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်တွေ ပူးပေါင်းကာ အာဏာသိမ်း စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေတာ ဖြစ်ပြီး ကရင်နီ အမျိုးသား စည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO) မှာ တော်လှန်ရေးဘက်သို့ ပူးပေါင်း ရပ်တည်လာတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - KNSO ရဲ့ ထုတ်ပြန်ချက်
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။