Human Rights Myanmar Spring Revolution Ethnic Affairs Yatha Publication & Resources

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့ အရေအတွက် တိုးလာနေတယ်လို့ IIMM အဖွဲ့ ထုတ်ပြန်

မြန်မာနိုင်ငံမှာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုစတဲ့ ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှု ကျူးလွန်တဲ့ အရေအတွက် တိုးလာနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့က ဒီကနေ့ ထုတ်ပြန်တဲ့ သတင်းလွှာမှာ ဖော်ပြပါတယ်။

 

စစ်တပ်က အာဏာသိမ်းထားတဲ့ သုံးနှစ်တာကာလအတွင်း စစ်အာဏာရှင်တွေကို ဆန့်ကျင် ကန့်ကွက်သူတွေဟာ အကြမ်းဖက် နှိမ်နင်းခံခဲ့ကြရပြီး နိုင်ငံရေး အတိုက်အခံတွေနဲ့ သတင်းထောက်တွေ အပါအဝင် လူပေါင်း ထောင်ချီပြီး ဥပဒေမဲ့ ထိန်းသိမ်းခံထားရတဲ့အပြင် အကျဉ်းသား အများအပြားဟာလည်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ အပါအဝင် နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ ဖိနှိပ်ဆက်ဆံမှုတွေ ခံနေရကြောင်း ခိုင်လုံတဲ့ ပေးပို့ချက်တွေကို လက်ခံရရှိထားတယ်လို့ အဆိုပါ သတင်းလွှာမှာ ဖော်ပြထားပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM) အဖွဲ့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုဆိုင်ရာ အထောက်အထားတွေကို ဆက်လက် စုဆောင်းနေပြီး သတင်းပေးပို့ချက်တွေကိုလည်း နေ့တိုင်းနီးပါး လက်ခံရရှိနေတယ်လို့ ဆိုပါတယ်။

 

အဲဒီလို စုဆောင်းရရှိတဲ့ အချက်အလက်တွေထဲမှာ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားတွေ သေဆုံးတာ ဖမ်းဆီးသူတွေကို အရှင်လတ်လတ် မီးရှို့တာ၊ အစုလိုက် အပြုံလိုက် သေဒဏ်ပေးတာ၊ ကိုယ်ခန္ဓာတွေကို ဖြတ်တောက်တာ၊ မလျော်မကန်ပြုတာ၊ ကျေးရွာတွေကို ရည်ရွယ်ချက် ရှိရှိ ဖျက်ဆီးတာ၊ မုဒိမ်းကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ ရာဇဝတ်မှု ကျူးလွန်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။  

 

ယင်းရာဇဝတ်မှုတွေကို ကျူးလွန်ဖို့ အမိန့်ပေးခိုင်းစေသူတွေ၊ ကိုယ်တိုင် ကျူးလွန်သူတွေနဲ့ ၎င်းတို့ကို အပြစ်ပေး အရေးယူဖို့ ပျက်ကွက်သူတွေကို ရုံးတင်စစ်ဆေး အပြစ်ပေးနိုင်ဖို့  မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့(IIMM) က ကြိုးပမ်းနေတာဖြစ်ပြီး လက်ရှိအချိန်အထိ အဖွဲ့အစည်း အသီးသီးကနေ ပေးပို့လာတဲ့ အချက်အလက်ပေါင်း ၂၈ သန်းနီးပါး ရရှိထားတယ်လို့ ဆိုပါတယ်။

 

မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ယန္တရားအဖွဲ့(IIMM)အနေနဲ့ အသက်ရှင်ကျန်ရစ်သူတွေ၊ မျက်မြင်သက်သေတွေနဲ့ ထွက်ပြေးလာသူတွေဆီကနေ သက်သေထွက်ဆိုချက်တွေ စုဆောင်းရယူခဲ့ပြီး ၂၀၂၃ နှစ်ကုန်အထိ သက်သေထွက်ဆိုချက်နဲ့ စစ်ဆေးမှုပေါင်း ၃၂၇ ခု ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

 

စုံစမ်းစစ်ဆေး တွေ့ရှိချက်တွေနဲ့ စိစစ်သုံးသပ်ချက်တွေကို နိုင်ငံတကာ တရားရုံး (ICJ)၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ အာဂျင်တီးနား တရားရုံး အပါအဝင် သက်ဆိုင်ရာအာဏာပိုင်တွေကို ပေးပို့သွားမယ်လို့ ဆိုပါတယ်။

 

ကြီးလေးတဲ့ နိုင်ငံတကာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ကြောင်း သက်သေအထောက်အထားတွေကို စစ်ဆေးတဲ့နေရာမှာ မြန်မာ စစ်တပ်အာဏာပိုင်တွေ ကျူးလွန်တဲ့ ကိစ္စတွေကိုသာ စုံစမ်းစစ်ဆေးနေတာ မဟုတ်ဘဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အပါအဝင် ကျူးလွန်တဲ့ ဘယ်အဖွဲ့အစည်းကိုမဆို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဓာတ်ပုံ - စစ်ကိုင်းတိုင်းခင်ဦးမြို့နယ်အတွင်း မီးရှို့ခံထားရတဲ့ ကျေးရွာတစ်ရွာ

~~~~

နှင်းမြ

About Us

Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.

Follow Social


Contact Mail

[email protected]
[email protected]

Subscribe For News Latter

ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။