မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ အကြမ်းဖက် စစ်ကောင်စီ မုပ္ပလင် စစ်ဆေးရေးဂိတ်နဲ့ စစ်စခန်း ၄ ခုကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေက ဒရုန်းများ၊ လက်နက်ကြီးများ အသုံးပြုပြီး ဧပြီလ ၆ ရက်နေ့မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားနဲ့ ရဲ ၅ ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက် စစ်ကောင်စီ စစ်သားနဲ့ ရဲ ပူးပေါင်း တပ်စွဲထားတဲ့ ရွှေစေတီ၊ ငွေစေတီဘုရားကုန်း နဲ့ မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို ဒရုန်းများ အသုံးပြုကာ ၆၀ မမ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ၆၀ မမ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် မုပ္ပလင် စစ်ဆေးရေးဂိတ်မှ ရဲ ၃ ဦး၊ ဘုရားကုန်းစခန်းမှ စစ်သား ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ၅ ဦးဝန်းကျင် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်က အတည်ပြုပါတယ်။
မုပ္ပလင်လမ်းဆုံ စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ရာမှာ အကြမ်းဖက် စစ်ကောင်စီ ရဲကား ၂ စီးလည်း ပျက်စီးခဲ့တယ်လို့ သထုံခရိုင် PDF က ပြောပါတယ်။
အလားတူ လက်ပံပင် သင်္ချိုင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ စခန်းနဲ့ အင်္ဂဘို တာဝါတိုင်တို့ကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ ဗိုလ်ကြီး ၁ ဦးနဲ့ စစ်သား ၄ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သထုံခရိုင် PDF ထံမှ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို ကျိုက်ထို တော်လှန်ရေး အင်အားစု(KRF)၊ KNU/KNLA၊ YEF၊ တပ်မဟာ (၁) PDF တပ်ရင်း၊ တောကျီးကန်းအဖွဲ့၊ ခရမ်းPDF နဲ့ ကျိုက်ထို-ပကဖ တို့ ပူးပေါင်း လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။
~~~~
Ngwe Maung Than is an independent media and advocacy group committed to human rights and federal democracy in Myanmar. It publishes news reports, features, commentaries, interviews and analyses on the Nway Oo Revolution, as well as music and literature that reflect and promote human rights, federal democracy, peace, and justice in Myanmar through its digital platforms.
ထုတ်ဝေတဲ့ စာစောင်များကို ပုံမှန် ရယူ ဖတ်ရှုနိုင်ပါသည်။